ပြည်နယ်နှင့်တိုင်း အမျိုးသား၊ အမျိုးသမီး လူငယ်ဘောလုံးပြိုင်ပွဲကို ၁၅ရက်ကြာကျင်းပမည်

ပြည်နယ်နှင့်တိုင်း အမျိုးသား၊ အမျိုးသမီး လူငယ်ဘောလုံးပြိုင်ပွဲကို ၁၅ရက်ကြာကျင်းပမည်

ရန်ကုန်၊ ဇွန် ၅ ။             ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် 100PLUSတို့ ဦးစီးပြီး ပြည်နယ်နှင့်တိုင်း လူငယ်ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၁ရက်မှ ဇူလိုင် ၅ရက်အထိ မြန်မာအမျိုးသားဘောလုံး အကယ်ဒမီမြက်ခင်းတုကွင်းတွင် ကျင်းပမည်ဟုသိရသည်။

ပြိုင်ပွဲဝင်များသည် ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းများမှ အသက်၁၃ နှစ်မှ ၁၅နှစ်အထိ ကျောင်းသား/ကျောင်းသူများဖြစ်သည်။

"ဒီပြိုင်ပွဲက ဘောလုံးလောကရဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပီး မြန်မာဘောလုံးလောကကို အထောက်အကူဖြစ်စေဖို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့က   ရွေးချယ်ဖွဲ့စည်းထားတဲ့ ပြိုင်ပွဲဝင်အသင်းတွေကို ဖိတ်ခေါ်ပြီး ရန်ကုန်မှာ ပြိုင်ပွဲ ကျင်းပရတာ"ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်က ပြောသည်။

ပြိုင်ပွဲကို နံနက်၈နာရီမှ ညနေ၄နာရီထိ  တစ်ရက်၂ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုဖလားရရှိသည့်အသင်းကို ဆုငွေကျပ် ၁၀သိန်း၊ ဒုတိယကို ဆုငွေကျပ် ၅သိန်း၊ တတိယနှင့် စတုတ္ထအသင်းကို ဆုငွေ၃သိန်းနှင့် ဆုတံဆိပ်များ အသီးသီး ချီးမြင့်မည်ဟုလည်းသိရသည်။

ပြိုင်ပွဲတွင် အသင်းပေါင်း ၁၇သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း (အရှေ့)၊ ရှမ်း (မြောက်)၊ ရှမ်း (တောင်) စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly