လက်ရှိပြေးဆွဲနေသည့် လိုက်ထရက်ကျောင်းကားများ ဒီဇင်ဘာတွင် ရပ်ဆိုင်းမည့်သတင်းကြောင့် ကျောင်းကား ပြေးဆွဲနေသူများစိုးရိမ်ပူပန်

လက်ရှိပြေးဆွဲနေသည့် လိုက်ထရက်ကျောင်းကားများ ဒီဇင်ဘာတွင် ရပ်ဆိုင်းမည့်သတင်းကြောင့် ကျောင်းကား ပြေးဆွဲနေသူများစိုးရိမ်ပူပန်

ရန်ကုန်၊ ဇွန် ၅ ။         ။ ကျောင်းကားစနစ်ပြောင်းလဲရာတွင် ယခင်ကျောင်းကားပြေးဆွဲနေသူများကို ဒီဇင်ဘာလ ဝန်းကျင်မှစပြီး ပြေးဆွဲ ခွင့်ရပ်ဆိုင်းမည်ဆိုသည့် သတင်းများကြောင့် လက်ရှိကျောင်းကားပြေးဆွဲနေသူများအကြား စိုးရိမ်ပူပန်မှုအချို့ရှိ နေသည်။

မူလက လက်ရှိပြေးဆွဲနေသည့် လိုက်ထရပ်ကားမျိုးများကို သက်ဆိုင်ရာက လတ်တလောပြေးဆွဲခွင့်ပြုခဲ့ပြီး ယခုအခါ ဒီဇင်ဘာလဝန်းကျင်မှစပြီး ပြေးဆွဲခွင့်ရပ်ဆိုင်းမည်ဆိုသည့်သတင်းများ ကြားနေရသည်ဟု ၁၅ နှစ် ကျော် ကျောင်းကားပြေးဆွဲခဲ့သည့် ကျောင်းကားလုပ်ငန်းရှင် ဒေါ်အေးအေးသိန်းက ပြောသည်။

"ကိုရီးယားကားတွေ ဝယ်ရမယ်ပြောတယ်။ ၅၀၀ ပေးရမယ်။ ၁၅၀ အရင်ပေးပြီး အရစ်ကျနဲ့ပေးရမယ်လို့ သူတို့ပြောတယ်။ နောက်ပြီး လိုက်ထရပ်ကားတွေကို တစ်နှစ်တော့ ဆွဲခွင့်ပေးမယ်လို့ပြောတယ်။၂၂ ရက်နေ့၊ ကြေးမုံ သတင်းစာမှာ ပါလာတယ်။ ဒီတစ်နှစ်ကိုတော့ လိုက်ထရပ်တွေ ဆွဲခွင့်ပေးတယ်လို့ပြောတယ်။ အဲဒါကြောင့် အန်တီတို့ကဆွဲနေတဲ့အခါမှာ အခုအခါမှာ တရုတ်က ကားတွေနဲ့ပဲ ဆွဲရပါ့မယ်ဆိုပြီး သတင်းတွေ ကြားရတယ်။ အစည်းအဝေးတော့ မခေါ်သေးဘူး" ဟု ကျောင်းကားလုပ်ငန်းရှင် ဒေါ်အေးအေးသိန်းက ပြောသည်။

လက်ရှိသုံးနေသည့် လိုက်ထရပ်ကားမျိုးတွေအစား အစိုးရကပြန်လည်ရောင်းချမည့် ကျောင်းကားအစီး ၂၀၀ ကို ကျောင်း ၂၂ ကျောင်းအတွက် မူလကျောင်းကားပြေးဆွဲနေသူများကို ရောင်းချမည်ဆိုခဲ့ပြီး ယခုအခါတွင် ကုမ္ပဏီများကိုချပေးမည့်သတင်းများ ကြားနေရသည်ဟု ဗိုလ်တထောင်မြို့နယ်၊ ကျောင်းကားကော်မတီ ဥက္ကဋ္ဌ ဦးစိုးသွင်အောင်က ဆိုသည်။

"ပြီးခဲ့တဲ့ သောကြာနေ့က ဝန်ကြီးချုပ်ရုံးမှာ အစည်းအဝေး ရုတ်တရက်ခေါ်လိုက်တယ်။ ၂၂ ကျောင်းက ကျောင်း တွေ၊ ပညာရေးမှူးတွေပါတယ်။ ကျွန်တော်တို့ကော်မတီကတော့ တစ်ဘက်က   ကျောင်းကားရှိလို့ မတက်ရောက်နိုင်ဘူး။ တက်ရောက်သူတွေကို ပရိုဂျက်တာတွေနဲ့ပြတယ်။ လုပ်ငန်းရှင်တွေကိုပါခေါ်လာတယ်။ ဒါကို ကုမ္ပဏီကို အပ်လိုက်ပြီ။ အပ်တဲ့အခါလည်း ကားအမျိုးအစားပါ ပြတယ်။" ဟု ကျောင်းကားကော်မတီ ဥက္ကဌဦးစိုးသွင်အောင်က ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က စာသင်ကျောင်းတွေရှေ့တွင် ယာဉ်ကြောကြပ်တည်းမှုများ လျော့ကျစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လိုက်ထရပ်ကားများကို ပြောင်းလဲရန် ကြိုးစားနေခြင်းဖြစ်သည်။

ကျောင်းသားကျောင်းသူ တစ်သောင်းဝန်းကျင်သည် လိုက်ထရပ်ကားဖြင့် ကျောင်းတက်နေရပြီး၊ ကျောင်းကားခ မှာ အနီးအဝေးပေါ်မူတည်ပြီး တစ်လကို ကျပ်ငွေ နှစ်သောင်းမှ   လေးသောင်းအထိ ပေးရကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly