ရန်ကုန်၊ ဇွန်လ ၅ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအနေဖြင့် မူလတန်း၊ အလယ်တန်း ကျောင်းစိမ်းဝတ်ကလေးငယ်များအား ယာဉ်စီးခ ၁ဝဝ ကျပ်သာ ကောက်ခံရန် တရားဝင်ပြောကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ကျောင်းစိမ်းဝတ်ကလေးငယ်များအား ယာဉ်စီးခ ၁ဝဝ ကျပ်သာ ကောက်ခံရန်အတွက် ဇွန်လ ၃ ရက်က အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် YBS ယာဉ်လိုင်းတာဝန်ရှိသူများနှင့်တွေ့ဆုံသည့် အစည်းအဝေးတွင် တရားဝင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ တနေ့ကYBS အစည်းအဝေးမှာ တရားဝင်ပြောခဲ့တာပေါ့နော်။ ယာဉ်လိုင်းတွေ အားလုံးကို ပြောထားပြီးသွားပြီ။ ကျောင်းသူ၊ ကျောင်းသားတွေကို ၁၀၀ကျပ်ပဲ ကောက်ခံဖို့ကို။ ကျောင်းသူ၊ ကျောင်းသားဆိုတာကလည်း မူလတန်း၊ အလယ်တန်း ကျောင်းစိမ်းဝတ်ထားတဲ့ ကလေးတွေဆိုရင်ပေါ့ အဲ့ဒါမျိုးဆိုရင် ယာဉ်လိုင်းတွေကို တစ်ရာပဲယူဖို့ ပြောထားပြီးသွားပြီ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။
ထိုသို့ ယာဉ်စီးခ ၁ဝဝ ကျပ်သာ တောင်းခံရန် သတ်မှတ်ရခြင်းမှာ YBS ယာဉ်လိုင်းအား အသုံးပြုသွားလာနေရသည့် အခြေခံပညာမူလတန်းမှ မူလတန်း၊ အလယ်တန်း ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ကာလတွင် တစ်စိတ်တပိုင်း အထောက်အပံ့ပေးသည့်အနေဖြင့် သတ်မှတ်ရခြင်းဖြစ်ကြောင်း YBS ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
“ကလေးတွေ ပညာသင်တဲ့ကာလမှာ တစ်စိတ်တပိုင်းအနေနဲ့ ထောက်ပံ့မှုလေးပေးနိုင်တယ်ဆိုရင် ဝမ်းသာစရာပါပဲ။ ကျွန်တော်ယာဉ်လိုင်းမှာဆိုရင်လည်း မူလတန်း၊ အလယ်တန်း၊ မသန်စွမ်းသူ၊ ကျန်းမာရေးမကောင်း သူ၊ သက်ကြီးရွယ်အိုတွေကို ကျွန်တော်တို့ လိုင်းမှာဆိုရင်တော့ အခမဲ့ပေါ့ ”ဟု ကိုတရုတ်လေးက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ စီမံမှုဖြင့် ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူပို့ ဆောင်ရေးစနစ် အတွက် YBS ယာဉ်လိုင်းပေါင်း ၈ဝ ကျော်ကို ယာဉ်အစီးရေ ၃ဝဝဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိသည်။