ဇွန် ၅၊ မက်ဒရစ်။ ။ အသင်းကအပြောင်းအရွှေ့ပိတ်ခံထားရချိန်တွင် အသင်းပြောင်းမည်ဆိုပါက ဆိုးညစ်သည့်အပြောင်းအရွှေ့တစ်ခုဖြစ်ပြီး လာမည့်ရာသီတွင် အက်သလက်တီကိုအသင်း၌သာ ဆက်နေမည်ဟု ဂရစ်ဇ်မန်းက ပြောသည်။
အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးသည် မန်ယူအသင်းက စိတ်ဝင်စားမှုလျော့ကျသွားချိန်မတိုင်မီ မန်ယူနှင့်အပြောင်းအရွှေ့ သတင်းများထွက်ခဲ့သူဖြစ်သည်။
အက်သလက်တီကိုအသင်းသည် လူငယ်ကစားသမားခေါ်ရာတွင် စည်းကမ်းဖောက်မှုဖြင့် ဖီဖာကအပြောင်းအရွှေ့ကာလတစ်ခု ပိတ်ပင်ထားခြင်းအပေါ် အားကစားခုံရုံးသို့အယူခံဝင်ခဲ့ရာတွင်လည်း ကျရှုံးခဲ့သည်။
“ဒီအချိန်က အသင်းအတွက် ခက်ခဲတဲ့အချိန်ပါ”ဟု ဂရစ်ဇ်မန်းက ပြင်သစ်ရုပ်သံသို့ပြောသည်။ အားကစားအကြံပေး အဲရစ်နှင့်အတူ အသင်းနှင့်ဆွေးနွေးပြီးနောက် ဆက်နေရန်ဆုံးဖြတ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
“အခုနေထွက်မယ်ဆိုရင် ညစ်ပတ်တဲ့အပြောင်းအရွှေ့ဖြစ်သွားမယ်။ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ဆွေးနွေးခဲ့ပြီး နောက်ရာသီကျ ပြန်လာကြမယ်”ဟု ဂရစ်ဇ်မန်းက ပြောသည်။
Ref; BBC