အမျိုးသမီးထံမှ လက်ကိုင်အိတ်အား ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးသူနှစ်ဦး မန္တလေးတွင် ဖမ်းမိ

အမျိုးသမီးထံမှ လက်ကိုင်အိတ်အား ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးသူနှစ်ဦး မန္တလေးတွင် ဖမ်းမိ
ဓာတ်ပုံ-မန္တလေးတိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ ဇွန်လ ၅ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်အိတ်အား ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးသူအမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇွန်လ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လုယက်ခံရသူအမျိုးသမီးမှာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သူဖြစ် ဇွန်လ ၄ ရက်၊ ည ၈ နာရီခွဲခန့်အချိန်တွင် ဆိုင်ကယ်ဖြင့် ၅၇ လမ်းအတိုင်း နေအိမ်သို့ပြန်လာရာ နံပတ် မပါသည့် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက အနီးကပ်လာပြီး ၎င်းထံမှ လွယ်ထားသည့် လက်ကိုင်အိတ်ကို ဆွဲယူထွက်ပြေး သွားခြင်းဖြစ်သည်။

လက်ကိုင်အိတ်အလုခံခဲ့ရပြီးနောက် အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် အောင်ပင်လယ်နယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူများအား စုံစမ်းရှာဖွေခဲ့ရာ လက်ကိုင်အိတ်လုယက်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့် အတူ ၅၆ လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ကိုင်အိတ်လုယက်သူများမှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ (ညည-၇၈)(ကျူး)တွင် နေထိုင်သူများဖြစ်သည့် အသက် ၁၇ နှစ်အရွယ် တင်ကိုဖြိုးနှင့် အသက် ၂၈ နှစ်အရွယ်   ဇော်လင်းအောင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို အောင်ပင်လယ်နယ်မြရဲစခန်းမှ (ပ)၁၈၇/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်စစ် ဆေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly