နည်းပြဇီဒန်းအနေဖြင့် ရီးယဲလ်အသင်းတွင် ဘဝတစ်လျှောက်လုံးနေသွားနိုင်သည်ဟု ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ပြော

နည်းပြဇီဒန်းအနေဖြင့် ရီးယဲလ်အသင်းတွင် ဘဝတစ်လျှောက်လုံးနေသွားနိုင်သည်ဟု ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ပြော

ဇွန် ၄၊ ကာဒစ်ဖ် ။             ။ ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူနိုင်သည့် ပထမဆုံးကလပ်အသင်းဖြစ်လာပြီးနောက်တွင် ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က နည်းပြဇီဒန်းအနေဖြင့် ရီးယဲလ်တွင် ဘဝတစ်လျှောက်လုံးနေသွားနိုင်ကြောင်း ပြောဆိုလိုက်သည်။

ဇီဒန်းသည် ရီးယဲလ်အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ယခုနှစ်တွင် ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့ကို ရယူပေးနိုင်ခဲ့သည်။ ရီးယဲလ်အသင်း၏သမိုင်းတွင် ၁၉၅၈ ခုနှစ်နောက်ပိုင်း ဥရောပဖလားနှင့် ပြည်တွင်းအမှတ်ပေးဖလားတို့ကို ပူးတွဲပြီး ပထမဆုံးအကြိမ်ရရှိခြင်းလည်း ဖြစ်သည်။

ယခုချန်ပီယံလိဂ်ဖလားမှာ ရီးယဲလ်အသင်းအတွက် ၁၂ ကြိမ်မြောက် စံချိန်တင်ဆုဖလားဖြစ်ပြီး ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ၂ နှစ်ဆက်တိုက် ချန်ပီယံဆုရယူနိုင်ခြင်းလည်း ဖြစ်သည်။

'ဇီဒန်းအနေနဲ့သူ့ဘဝအနားယူချိန်အထိ ရီးယဲလ်မှာ နေသွားနိုင်ပါတယ်။ ဇီဒန်းဟာ ကစားသမားဘဝတုန်းကလည်း သူ့ရဲ့ အရည်အချင်းနဲ့ ရီးယဲလ်အသင်းရဲ့အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သူပါ။ ဒါကြောင့် ရီးယဲလ်ပရိသတ်တိုင်းက သူ့ကို ကျေးဇူးတင်နေကြပါတယ်။

လက်ရှိမှာလည်း သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးပါပဲ။ အသင်းကို ကိုင်တွယ်တာ ၁၇ လပဲရှိသေးပေမယ့် ဖြစ်နိုင်သမျှ အရာအားလုံးကို ဇီဒန်းက လုပ်ပြခဲ့ပြီးပါပြီ' ဟု ပီရက်ဇ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags