မတော်တဆဖြစ်ရပ်တွေက ဂျူဗင်တပ်စ်ကို နစ်နာစေခဲ့ရသည်ဟု ဘတ်ဖွန်ပြော

မတော်တဆဖြစ်ရပ်တွေက ဂျူဗင်တပ်စ်ကို နစ်နာစေခဲ့ရသည်ဟု ဘတ်ဖွန်ပြော

ဇွန် ၄၊ ကာဒစ်ဖ် ။             ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်က မတော်တဆဖြစ်ရပ်များသည် ၎င်းတို့အသင်းကို နစ်နာစေခဲ့ကြောင်းနှင့် အရှုံးရလဒ်အတွက် အလွန်စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည်။

အသက် ၃၉ နှစ်အရွယ်ရှိ ဘတ်ဖွန်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သုံးကြိမ်မြောက်ကစားခွင့်ရခြင်းဖြစ်ပြီး သုံးကြိမ်စလုံး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဘတ်ဖွန်အနေဖြင့် အေစီမီလန်နောက်ခံကစားသမား ပေါ်လိုမာဒီနီ၏ အသက်အကြီးဆုံး ချန်ပီယံလိဂ်ချန်ပီယံဆိုသည့် ဂုဏ်ပုဒ်ကို ရယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

'တကယ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားဖို့နဲ့ နောက်ဆုံးမှာ အနိုင်ရဖို့ လိုအပ်သမျှအရာအားလုံးကို ပြင်ဆင်ထားခဲ့တာပါ။ ကျွန်တော်တို့အသင်းရဲ့ ပထမပိုင်းကစားပုံက တကယ်ကိုကောင်းတယ်လို့ ထင်ပါတယ်။ ရီးယဲလ်ကိုလည်း အခက်တွေ့စေခဲ့ပါတယ်။ အသင်းသားအားလုံးဟာ ကြိုးကြိုးစားစားနဲ့ တကယ်ကို ကစားခဲ့ကြပါတယ်။ ရီးယဲလ်အသင်းထက် ပိုကြိုးစားနေပေမယ့် အခွင့်အရေးတွေပိုမရခဲ့တာကတော့ စိတ်ပျက်စရာကောင်းပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းက သူတို့ရဲ့ အဆင့်အတန်း၊ အင်အားနဲ့ ဒီပွဲကို ဘယ်လိုအနိုင်ကစားရမလဲဆိုတာကို ပြသသွားခဲ့ပါတယ်။ ချန်ပီယံဆုနဲ့ သူတို့ထိုက်တန်ပါတယ်။

ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီပွဲမှာ ဝမ်းနည်းစရာကောင်းတာအနည်းငယ်တော့ရှိပါတယ်။ မတော်တဆဖြစ်ရပ်တွေက ကျွန်တော်တို့ကို နစ်နာစေခဲ့ရပါတယ်' ဟု ဘတ်ဖွန်က ဆိုခဲ့သည်။

စီရော်နယ်ဒို၏ ပထမသွင်းဂိုးမှာ ဘိုနုချီ၏ ခြေထောက်နှင့် အနည်းငယ်ထိခဲ့ပြီး ဂိုးတိုင်ထောင့်ထဲဝင်သွားခဲ့သလို ကာစီမီယို၏ ဂိုးမှာလည်း ခီဒီရာ၏ ခြေထောက်နှင့် ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly