စစ်ကိုင်းပညာရေးကျောင်းသား ကျောင်းထုတ်ခံရမှုအတွက် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်မည်

စစ်ကိုင်းပညာရေးကျောင်းသား ကျောင်းထုတ်ခံရမှုအတွက် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်မည်
စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်အုပ်ချုပ်မှုနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သည့် ကျောင်းသား နှစ်ဦးနှင့် ဝန်းရံသူကျောင်းသား နှစ်ဦးကို ၂၀၁၇ ခုနှစ် မေလ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးတွင် ရုံးထုတ်လာစဉ်။ ဓာတ်ပုံ-ဘိုဘို

ရန်ကုန်   ဇွန်  ၃ ။             ။ စစ်ကိုင်းပညာရေးကောလိပ်ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဗကသဥက္ကဋ္ဌ ကိုဇော်ရဲထွဋ်ကို စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းထုတ်ခဲ့သည့်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအနေဖြင့် လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်သည်အထိ ကန့်ကွက်သွားရန်သာရှိသည်ဟု ဗကသ(ဗဟို)အတွင်းရေးမှူး ကိုမင်းထက်စိုးက ပြောသည်။

ကိုဇော်ရဲထွဋ်ကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် စစ်ကိုင်းပညာရေးကောလိပ်က အပြီးတိုင် ကျောင်းမှ ထုတ်ပယ်ခဲ့သည်။

"ကျောင်းထုတ်ခံရတာနဲ့ပတ်သက်ပြီး၊ကျွန်တော်တို့ ကျောင်းသားတွေက နောက်ဆုံးနည်းလမ်း၊ဗကသ အဖွဲ့ချုပ်ရဲ့နည်းလမ်းကတော့ လမ်းပေါ်ထွက်ဆန္ဒပြတာပဲ ဖြစ်မယ်။နောက်တစ်ခု မတရားတဲ့ စည်းကမ်းအနှစ်ချုပ်က ၂၀၀၈ ပဲ၊ ၂၀၀၈ မတရားဥပဒေအရ ဘယ်လိုဒီမိုကရေစီပညာရေးပဲဖြစ်ဖြစ် ပန်းတွေ မပွင့် နိုင်ဘူး၊ဒီမြေကြီးက မကောင်းရင်တော့ ပန်းပွင့်မှာမဟုတ်ဘူး။နေရောင်ခြည်   မြင်ရမှာမဟုတ်ဘူး၊အဓိက အနှစ်ချုပ်ရင်တော့ ၂၀၀၈ ပဲ။ ကျွန်တော်တို့ တုံ့ပြန်မှုကတော့ ကျွန်တော်တို့ကျောင်းသားတွေ နည်းလမ်း ကတော့ လမ်းပေါ်ထွက် ဆန္ဒပြတာပဲ" ဟု ဗကသ(ဗဟို)အတွင်းရေးမှူး ကိုမင်းထက်စိုးက ပြောသည်။

မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်၊လမ်း ၈၀ ရှိ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနရှေ့တွင် ဧပြီ ၂၆ ရက်၊နံနက် ၁၁ နာရီက စစ်ကိုင်းပညာရေးကောလိပ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ  ဗကသကျောင်းသားနှစ်ဦး ဖြစ်သည့် ကိုဇော်ရဲထွဋ်နှင့်ကိုနှင်းအောင်တို့ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦး အပါအဝင် ဆန္ဒပြရာအနီးရှိ ကိုကောင်းဇော်ဟိန်းနှင့် ကိုရဲမျိုး ဆွေတို့ကိုပါ ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့လေးဦးကို ပုဒ်မ ၁၉ အရ ထောင်ဒဏ်သုံးလနှင့် အမှုစီရင်စဉ် တရားရုံးကို ကျောပေးပြီး နားထောင်ခြင်းမရှိဘဲ မထီမဲ့မြင်ပြု၍ အကြည်ညိုပျက်စေမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၈ ကို တရားခွင်တွင် ဖောက်ဖျက်ကျူးလွန်သောကြောင့်  ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မေလ ၂၄ ရက်တွင် ကိုဇော်ရဲထွဋ်အပါအဝင် ၎င်းတို့လေးဦးကို နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ကိုနှင်းအောင်သည် အခြားပြစ်မှုရှိ၍ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရားမျှတတဲ့တရားစီရင်မှုမရခဲ့ဟု ကျောင်းထုတ်ခံ ကျောင်းသားကိုဇော်ရဲထွဋ်က ဆိုသည်။

"မျှတတဲ့တရားစီရင်မှုလုံးဝမရခဲ့ဘူး။ ၉ ရက်နေ့က အမိန့်ချတဲ့ဖြစ်စဉ်ကိုကြည့်ရင် သူတို့က ရာဇဝင် လူဆိုးကြီးတွေလို လက်ထိတ်တွေ ခတ်ခေါ်တယ်။ကျွန်တော်တို့က အာမခံပေးတာတောင် အထဲက ရင်ဆိုင်နေသူတွေကို ရာဇဝင်လူဆိုးတွေလိုလက်ထိတ်တန်းလန်းနဲ့ ဆွဲခေါ်တယ်။အထဲက ပြန်ထုတ် လာတော့ ဧည့်တွေ့ခွင့်လည်း မပေးဘူး။ ကျွန်တော်တို့မှာ ဧည့်တွေ့ခွင့်တွေ ရှိရမယ်။ မီဒီယာတွေနဲ့ တွေ့ခွင့်ရှိရမယ်။အဲဒီ အခွင့်အရေးတွေ မပေးဘူး။ လက်ထိတ်တန်းလန်းနဲ့ ရုပ်ပျက်ဆင်းပျက်ကားပေါ် တင်တယ်။ကျွန်တော်တို့ ထောင်ထဲရောက်မှပဲ ဘယ်လောက်အမိန့်ချတယ်ဆိုတာ သိရတာ။ဒါ မျက်ကွယ်အမိန့်ချတာ"ဟု ကိုဇော်ရဲထွဋ်က ပြောသည်။

ကိုဇော်ရဲထွဋ်ကို စစ်ကိုင်းပညာရေးကောလိပ်က ကျောင်းထုတ်ခဲ့သည့်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗဟို)က မနက်ဖန် ဇွန်လ ၄ ရက်နေ့၊ရန်ကုန်၊ကျောက်တံတားမြီု့နယ်တွင် NNER မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ယက်နှင့် ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်သွားမှာဖြစ်သလို သဘောထားကြေငြာချက်များလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly