(၃)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်း ကံထူးရှင်အား ဆုငွေထုတ်ပေး

(၃)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်း ကံထူးရှင်အား ဆုငွေထုတ်ပေး

ရန်ကုန်၊ ဇွန် ၂ ။             ။ (၃) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်း ကံထူးရှင်ဖြစ်သည့် ရှမ်းပြည်နယ် ပင်လုံမြို့က မထူးသဒ္ဓါအောင်၏ မိဘများကို ဇွန်လ ၂ ရက်က ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာန ခွဲရုံးတွင် ထီဆုငွေထုတ်ပေးလိုက်ပြီဖြစ်သည်။

ရှမ်းပြည်နယ် ပင်လုံမြို့၊ ဆရာစံလမ်းမှ ထီကံထူးရှင် ဦးဇော်ထွေးနှင့် မိသားစု များအား ချက်လက်မှတ်ဖြင့် ဇွန် ၂ရက် နေ့လည် ၁ နာရီဝန်းကျင်က ဆုငွေ အပြည့်အဝထုတ်ပေးခဲ့သည်ဟု   ပြည်တွင်းအခွန်များဦးစီးဌာန   အောင်ဘာလေ သိန်းဆုဌာနခွဲမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

"ပင်လုံကထီပေါက်တဲ့ ကိုဇော်ထွေး၊ ဒေါ်သန်းမြဦးတို့ ဆုငွေလာထုတ်တယ်။ သူတို့သမီးလေး မထူးသဒ္ဓါအောင်လည်းပါတယ်။ သိန်းတစ်သောင်း ချက်လက်မှတ် ထုတ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဆီက အရာရှိတစ်ယောက် လိုက်ပါပြီး သူတို့လုပ်ချင်တဲ့အတိုင်း ဘဏ်နဲ့ညှိနှိုင်းပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျပ်သိန်း တစ်သောင်းကို အခွန်တွေ ဘာတွေ ဖြတ်တောက်ခြင်းမရှိ အပြည့်အဝပေးလိုက်တာပါ။" ဟု ၎င်းက ပြောသည်။

ကျပ်သိန်းတစ်သောင်း ကံထူးသူအား တောင်ကြီးမြို့၊ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး မူကြိုအရွယ်ကလေးငယ် မထူးသဒ္ဓါအောင်က ရွေးချယ်ပေးခဲ့သည့် ထီလက်မှတ်ဖြစ်ကြောင်း သိရသည်။

(၃)ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် အမြင့်ဆုံးဆု ကျပ်သိန်း တစ်သောင်းဆုကို ရှမ်းပြည်နယ်မှဆွတ်ခူးရရှိခဲ့ပြီး (၁)ကြိမ်မြောက် ထီဖွင့်ပွဲတွင် ရခိုင်ပြည်နယ်မှ လည်းကောင်း၊ (၂)ကြိမ်မြောက် ထီဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှလည်းကောင်း ကံထူးရှင်များက အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း အောင်ဘာလေသန်းဆုဋ္ဌာနခွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly