ပဲခူးတိုင်း စည်ပင်သာယာကော်မတီဝင် ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်ရန် တင်ပြမည်

ပဲခူးတိုင်း စည်ပင်သာယာကော်မတီဝင် ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်ရန် တင်ပြမည်

ပဲခူးတိုင်းအတွင်း ပြီးခဲ့သည့် မေလက ပြုလုပ်ခဲ့သည့် စည်ပင်သာယာကော်မတီ ရွေးချယ်ပွဲများတွင် နည်းဥပဒေဆိုင်ရာအားနည်းချက်များရှိနေသည့်အတွက် ၎င်းဥပဒေကို ပြင်ဆင်ရန် တိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဟု Pace on Peaceful Pluralism (PoPP)အဖွဲ့က ဇွန်လ ၂ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့သည်။

“မဲစာရင်းပြုစုတဲ့အခါမှာ အမှားအယွင်းတွေအများကြီးရှိတယ်။ မဲစာရင်းနဲ့ပတ်သက်ပြီး မဲမပေးရတဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့တယ်။ မဲပေးခွင့်နဲ့ပတ်သက်လို့ ရွေးကောက်ပွဲနေ့မှာ မဲပေးမှုတွေဟာလည်း စိုးရိမ်စရာဖြစ်တယ်။ အဲဒီတော့ မဲပေးခွင့်မှာ အသိပညာပေးဖို့ မဲဆွယ်စည်းရုံးရေး ပြစ်မှုပြစ်ဒဏ်တွေပြဌာန်းဖို့ ဥပဒေသုံးသပ်ချက်တွေ ဥပဒေ ပြင်ဆင်မှုတွေ အရေးတကြီး လိုအပ်တယ်လို့ ကျနော်တို့ အတွေ့အကြုံအရ အကြံပြုထားတယ်။ ရွေးကောက်ပွဲတွေမှာ ဒီဥပဒေအတိုင်းဆက်သွားမယ်ဆိုရင် အခက်အခဲတွေအငြင်းပွားမှုတွေ အများကြီးရှိလာမယ်”ဟု (PoPP)အဖွဲ့မှ ဦးသိန်းမင်းစိုးက ပြောသည်။

ပဲခူးတိုင်း အနောက်ခြမ်းက မြို့နယ် ၁၄ ခုတွင် လွန်ခဲ့သည့် မေလအတွင်းက အရပ်ဖက် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲများကို Pace on Peaceful Pluralism (PoPP)အဖွဲ့က   လေ့လာစောင့်ကြည့်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲများပြုလုပ်ကာ ဝေန်အကြံပြုချက်များထုတ်ပြန်ခြင်း၊ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အချက်များကို အစိုးရအဖွဲ့သို့ တင်ပြခြင်းများပြုလုပ်ခဲ့သည်။

မဲဆန္ဒနယ်အများအပြားတွင် ဝင်ရောက်အရွေးခံသူ ကိုယ်စားလှယ်လောင်း သုံးဦးထက်မကျော်သည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်း၊ မဲလာရောက်ပေးသူ အရေအတွက် နည်းပါးခြင်း၊ မဲပေးခွင့် မရသူအချို့ရှိနေခြင်း၊ မဲဆန္ဒရှင်များကိုအသိပညာပေးမှုလုပ်ငန်းများ အလွန်နည်းပါးပြီး မဲပေးခြင်း နှင့် ပတ်သက်၍ သိရှိသူနည်းပါးခြင်း၊ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေ တိတိကျကျမရှိသည့်အပြင် ကိုယ်စားလှယ်အများအပြား မဲဆွယ်စည်းရုံးခြင်းမရှိခဲ့ခြင်းတို့ကို လေ့လာတွေ့ရှိရသည်ဟု (PoPP)အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စည်ပင်သာယာကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်၊ ကော်မတီလောင်းများအတွက် မဲဆွယ်စည်းရုံးရေးမူဘောင် တိတိကျကျသတ်မှတ်ရန်၊ အရပ်ဖက် အဖွဲ့အစည်းများအတွက် စောင့်ကြည့်လေ့လာရေးမူဘောင်ကို အတိအကျသတ်မှတ်ရန်၊ မဲဆန္ဒရှင်အားလုံးမဲပေးခွင့်ရရေး၊ မဲမသမာမှုများအားကာကွယ်နိုင်ရေး၊ မဲစာရင်းတိကျ မှန်ကန်ရေး   ဆောင်ရွက်ရန်၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ ကျင်းပမည့် နေ့ရက် အတိအကျ သတ်မှတ်ထားရန်၊ တိကျသော ရွေးကောက်ပွဲ လုပ်ငန်းလမ်းညွန်များ ထုတ်ပြန်ရန် (PoPP)အဖွဲ့က အကြံပြုထားသည်။

နံနက် ၁၀ နာရီတွင် ပြည်မြို့၊ ရွာဘဲရပ်ကွက် စက်မှုဇုန် ရှင်းလင်းဆောင်ခန်းမတွင် (PoPP)အဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများ၊ အရပ်ဖက် လူမှုအဖွဲ့များ၊   နိုင်ငံရေးလူမှုရေးတက်ကြွလှုတ်ရှားသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly