ထီကံစမ်းသူများ စိတ်အအနှောက်အယှက်မဖြစ်စေရန် (၄) ကြိမ်မြောက်မှ စတင်၍ အရန်ထီများတွင် အမှတ်အသား ဖော်ပြ

ထီကံစမ်းသူများ စိတ်အအနှောက်အယှက်မဖြစ်စေရန် (၄) ကြိမ်မြောက်မှ စတင်၍ အရန်ထီများတွင် အမှတ်အသား ဖော်ပြ

ရန်ကုန်၊ ဇွန် ၂ ။            ။ ထီကံစမ်းသူများ အဆင်ပြေစေရန် (2nd) အမှတ်အသားများ ထည့်သွင်းထားသော အောင်ဘာလေ အရန်ထီလက်မှတ်များကို ယခု ဇွန်လအတွက် (၄) ကြိမ်မြောက်မှ စတင်၍ ရောင်းချလျက်ရှိသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

ယခင်က အရန်ထီများကို ဈေးကွက် လိုအပ်ချက်အရ ရိုက်နှိပ်ခဲ့ရပြီး ၅၀၀ ကျပ်တန် အရန်ထီများနှင့်ပတ်သက်၍ ထီကံစမ်းသူများအကြား ဝေဖန်မှုတစ်ချို့ရှိသည်။

အကြိမ်ရေနှင့် ဖွင့်လှစ်မည့် ရက်စွဲအတိအကျပါသော ထီလက်မှတ်များကိုသာ ထုတ်ဝေဖြန့်ဖြူးခဲ့ပါက အဆိုပါ ထီလက်မှတ်များ ကုန်စင်အောင် မရောင်းချနိုင်သည့်အခါ ထီလက်မှတ်များကို ဖျက်ဆီးရမည်ဖြစ်သောကြောင့် နိုင်ငံပိုင်ဘဏ္ဍာများ မဆုံးရှုံးစေရန် အတွက် အရန်ထီများကို ထုတ်ဝေရောင်းချခဲ့ရခြင်းဖြစ်သည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ဆိုသည်။

သို့သော် ထီကံစမ်းသူများ စိတ်အအနှောက်အယှက်မဖြစ်စေရန် ယခုလမှ စတင်၍ အရန်ထီများတွင် (2nd) အမှတ်အသားများ ထည့်သွင်းထားသည့် အရန်ထီလက်မှတ်များကို စတင်ရောင်းချခြင်းဖြစ်သည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။

"အရံထီတွေ စတင်ရောင်းချတဲ့အချိန်က စပြီး အကြိမ်ရေမပါဘူး။ ရက်စွဲတွေမပါဘူး ဆိုပြီး မိဘပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတာသိရတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကြိုမှာထားပြီးသားဖြစ်နေတော့ အရန်ထီတွေ ထုတ်ရောင်းခဲ့ရတယ်" ဟု ၎င်းက ပြောသည်။

(2nd) အမှတ်တံဆိပ်ကို အရန်ထီ လက်မှတ် (ကက) အက္ခရာမှ (ကဖ) အက္ခရာအထိ ထီလက်မှတ်များ၏ ညာဘက် ကျပ် ၅၀၀ တန် တံဆိပ်၏ အပေါ်တွင် ထားရှိပြီး ယခုလ လေးကြိမ်မြောက် ထီလက်မှတ်တွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပြသည်။

"အရင်အကြိမ်တွေတုန်းက အရန်ထီလက်မှတ်မှာတော့ (ကက) ကနေ (ကဃ) အထိ လေးလုံးရောင်းခဲ့တယ်။ (ကင) ကနေ (ကထ) အထိကို နှစ်ကြိမ်မြောက်မှာရောင်းလိုက်တယ်။ (ကဒ) ကနေ (ကအ) အထိကိုတော့ သုံးကြိမ်မြောက်မှာ ရောင်းလိုက်တယ်။ အဲဒီအတွက် အက္ခရာတွေက ကုန်သွားပြီဖြစ်တဲ့အတွက် အရန်ထီမှာ (ကက) ကနေ ပြန်စရတော့မယ်။ အရင်အကြိမ်တွေက ရောင်းထားတဲ့ ထီလက်မှတ် တွေနဲ့ မတူအောင် အခု လေးကြိမ်မြောက် အရန်ထီလက်မှတ်တွေမှာ ၅၀၀ တန် ဆိုတဲ့ အပေါ်မှာ 2nd အမှတ်တံဆိပ်လေး ထည့်သွင်းလိုက်တာပါ " ဟု ၎င်းက ပြော သည်။

နောက်လ (၅)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဖွင့်ပွဲ အတွက် ရောင်းချမည့် ထီလက်မှတ်များတွင် လက်ရှိ ရောင်းချနေသည့် အရန် ထီလက်မှတ်များကို ရောင်းချတော့ မည်မဟုတ်ဘဲ ထီလက်မှတ်တွင် ဖွင့်လှစ်မည့်အကြိမ်ရေနှင့် ဖွင့်လှစ်မည့် ရက်စွဲတို့ပါရှိသော ထီလက်မှတ်များကိုသာ ရောင်းချသွားမည်ဖြစ်သည်။

ကျပ် ၅၀၀ တန်ထီလက်မှတ်အတွက် ဆုကြေးများအနေဖြင့် အမြင့်ဆုံးဆု ကျပ်သိန်း (၁၀၀၀၀)၊ ကျပ်သိန်း (၅၀၀၀)၊ ကျပ်သိန်း (၃၀၀၀)နှင့် ကျပ်သိန်း (၁၀၀၀) ဆုများ ပါဝင်သွားမည်ဖြစ်ပြီး အနိမ့်ဆုံးမှာ ကျပ် (၅၀၀၀၀) အထိ ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly