ကစားသမားဘဝတွင် မန်ယူ၊ အာဆင်နယ်နှင့်မန်စီးတီးတို့၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဟု ဘတ်ဖွန်ဖွင့်ဟ

ကစားသမားဘဝတွင် မန်ယူ၊ အာဆင်နယ်နှင့်မန်စီးတီးတို့၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဟု ဘတ်ဖွန်ဖွင့်ဟ

ဇွန် ၂၊ အီတလီ ။            ။ သူ၏ ကစားသမားဘဝတွင် မန်ယူ၊ အာဆင်နယ်နှင့် မန်စီးတီးအသင်းတို့၏ ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း ပယ်ချခဲ့သည်ဟု ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်က ဖွင့်ဟခဲ့သည်။

ဘတ်ဖွန်သည် ၂၀၀၁ ခုနှစ်က ပါးမားမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုအချိန်အထိ ဂျူဗင်တပ်စ်တွင်သာ ကစားနေခဲ့သူ ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေဆုဖလား ၁၀ ကြိမ်နှင့် ကိုပါအီတာလီယာဖလား သုံးကြိမ် ရရှိခဲ့သည်။

‘အင်္ဂလိပ်ကလပ်အသင်းသုံးသင်းဆီက ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပါတယ်။ မန်ယူနည်းပြဖာဂူဆန်နဲ့အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးတို့ဟာ ကျွန်တော်ငယ်စဉ်အချိန်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မန်စီးတီးအသင်းကလည်း အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက်မှာ ကျွန်တော့်ကိုခေါ်ဖို့ ဂျူဗင်တပ်စ်ကို ဆက်သွယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကျွန်တော် ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအပေါ်မှာ သစ္စာရှိချင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော်အောင်မြင်မှုတွေအများကြီးလည်း ရရှိခဲ့ပါတယ်။ ဒါတွေကို အပြောင်းအလဲ မလုပ်ချင်ပါဘူး’ ဟု ဘတ်ဖွန်က ဆိုခဲ့သည်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘတ်ဖွန်သည် ယခုအချိန်အထိ လက်စွမ်းပြနေဆဲဖြစ်ပြီး လာမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်ကို အနိုင်ရခဲ့ပါက ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်တော့မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly