ပါရီသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မှု ကမ္ဘာ့ခေါင်းဆောင်အများစု စိတ်ပျက်

ပါရီသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မှု ကမ္ဘာ့ခေါင်းဆောင်အများစု စိတ်ပျက်

ဇွန် ၂ ။            ။ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ပါရီသဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်မှာ ထုတ်ဖော်ကြေညာသွားခဲ့ပြီးနောက်မှာတော့ ယင်းဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တစ်ခြားသော နိုင်ငံတကာခေါင်းဆောင်အများစုက ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ ထရမ့်ဦးဆောင်တဲ့အမေရိကန်အစိုးရ လက်ထက်မှာ သဘောထားဘယ်လိုရှိမလဲ ဆိုပြီး အများက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပေမယ့် ယခုလိုနှုတ်ထွက်မယ့် ဆုံးဖြတ်ချက်သာ ထွက်ပေါ်လာခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေသာ များပြားခဲ့တာကို တွေ့ရပါတယ်။

မိမိတို့အနေနဲ့ ၂၀၁၅ ပါရီသဘောတူညီချက်ကနေ နှုတ်ထွက်ပြီး နောက်ထပ် ကမ္ဘာလုံးဆိုင်ရာစာချုပ်သစ်တစ်ခုကိုပဲ ဆွေးနွေးညှိနှိုင်းသွားတော့မယ်လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကနေတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

" အမေရိကန်တို့ရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေမယ့် ဘယ်သဘောတူညီချက်မျိုးမဆို နှုတ်ထွက်ပါမယ်၊ ပြီးနောက် ပြန်ဆွေးနွေးညှိနှိုင်းပါမယ်" လို့ ထရမ့်က အိမ်ဖြူတော် မိန့်ခွန်းပြောကြားစဉ်မှာ ထည့်သွင်းပြောကြားသွားပါတယ်။

ယခင်သမ္မတဟောင်း အိုဘားမားလက်ထက်က ချုပ်ဆိုခဲ့တဲ့ ယင်းစာချုပ်ဟာ အမေရိကန်ရဲ့အကျိုးစီးပွားထက် တစ်ခြားနိုင်ငံတွေကိုသာ ပိုပြီးအကျိုးများစေနေတာကြောင့် ခုလို ဆုံးဖြတ်ရတာဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါသေးတယ်။

ထရမ့်ရဲ့ ယခုဆုံးဖြတ်ချက်ထွက်လာပြီးနောက်မှာတော့ ပြည်တွင်းမှာရော၊ ပြည်ပအသိုင်းအဝိုင်းကပါ ဝိုင်းဝန်းပြစ်တင်ဝေဖန်သံတွေညံလာခဲ့ပါတယ်။ ခုဆိုရင် ကိုယ့်အနာဂတ်ကို စွန့်ပစ်နေတဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ အမေရိကန်ပါလာပြီလို့တောင် သမ္မတဟောင်း အိုဘားမားက ငြီးတွားသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်တို့အနေနဲ့ ခုဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို ထိခိုက်စေနေပြီ ဖြစ်ကြောင်း ဂျာမနီတို့က ဝေဖန်ခဲ့သလို အီးယူကော်မရှင်ဥက္ကဌကလည်း ထရမ့်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ပြစ်တင်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags