၁၃၅ မျိုးချစ်ပါတီတွင် မဘသဆရာတော်များ အကြံပေးအဖြစ်ပင် ပါ၀င်မည်မဟုတ်ဟုဆို

၁၃၅ မျိုးချစ်ပါတီတွင် မဘသဆရာတော်များ အကြံပေးအဖြစ်ပင် ပါ၀င်မည်မဟုတ်ဟုဆို

ရန်ကုန်၊ ဇွန် ၁ ။            ။ နိုင်ငံရေးပါတီသစ်တစ်ရပ်ထူထောင်ရန် ကြိုးစားနေသည့် စာရေးဆရာမောင်သွေးချွန်က ၎င်းတို့ပါတီတွင် မဘသဆရာတော်များက အကြံပေးအနေဖြင့်ပင် ပါဝင်မည်မဟုတ်ကြောင်း အဆိုပါ ပါတီကို ဦးဆောင်ဦးရွက်ပြုမည့် စာရေးဆရာ မောင်သွေးချွန်က မဇ္ဈိမကို ပြောသည်။

"နိုင်ငံရေးပါတီဖြစ်တဲ့အတွက် သံဃာတွေကတော့ ဘယ်လိုအခန်းကဏ္ဍကမှ ပါလာမှာ မဟုတ်တော့ဘူး။ အကြံပေးတောင်မှ ပါလာမှာ မဟုတ်တော့ဘူး။ သီးခြားဖြစ်သွားပြီ။ အဲဒီတော့ သံဃာတွေကတော့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအနေနဲ့ ဆက်လုပ်သွားမယ်။" ဟု မောင်သွေးချွန်က ပြောသည်။

ထို့ပြင် ပါတီကိုဦးဆောင်ရန်အတွက် ဝံသာနုဓမ္မရက္ခိတအသင်း ဥက္ကဋ္ဌ ရာထူးနှင့် မဘသဗဟိုအလုပ်အမှုဆောင် ရာထူးမှလည်း နှုတ်ထွက်ကြောင်း မောင်သွေးချွန်က ဇွန်လ ၁ရက်က ကြေညာခဲ့သည်။

"တို့ကတော့ ကြေငြာထားတဲ့အတိုင်းပဲ ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ အနေနဲ့ ဆက်လက်လှုပ်ရှားသွားမယ်။ နိုင်ငံရေးကို ဘာသာရေးနဲ့ မရောထွေးစေချင်တဲ့အတွက် နိုင်ငံရေး ဆန်ဆန်၊ နိုင်ငံရေးသီးသန့် ဆောင်ရွက်သွားမယ်။ အရင်က လုပ်ဆောင်ခဲ့တာတွေနဲ့ ခြားနားသွားပြီးတော့ ကဏ္ဍသစ် သမိုင်းသစ်ဖွင့်လှစ်ပြီးတော့ အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်" ဟု စာရေးဆရာ မောင်သွေးချွန်က ပြောသည်။

ယင်းသို့ပါတီထောင်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က အမျိုးသားရေးဆိုသည်မှာ ပင်ကိုယ်အားဖြင့် ကောင်းမွန်သည့်ကိစ္စဖြစ်သော်လည်း နိုင်ငံရေးလမ်းကြောင်းဖြင့်သာ သွားသင့်သည်ဟုပြောသည်။

"မိမိရဲ့အမျိုးဂုဏ်ဇာတိဂုဏ်ကိုမြင့်မြတ်အောင်လုပ်တဲ့နေရာမှာ မတူကွဲပြားတဲ့သူတွေအပေါ် သဘောထားကြီးပြတာဟာ အမျှော်အမြင်ကြီးမားတဲ့အမျိုးသားရေးဝါဒဖြစ်ပါတယ်။ အမျိုးသားရေးကိုလုပ်တဲ့အခါမှာ ဘာသာရေးလမ်းကြောင်းက လုပ်တာထက် နိုင်ငံရေးလမ်းကြောင်းကနေလုပ်တာက ပိုပြီးသင့်မြတ်မယ်လို့ ယုံကြည် တယ်" ဟု ဟာဂျီဦးအေးလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဖုန်းလတ်က နိုင်ငံရေးပါတီတစ်ခုခုအနေဖြင့် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတာမျိုးရှိလာလျှင်စောင့်ကြည့်သွားဖို့ လိုအပ်သည်ဟု ဆိုသည်။

"နိုင်ငံရေးပါတီကတော့ ဘယ်သူမဆို ထောင်ခွင့်ရှိတာပဲ။ ဒါပေမယ့်လည်း ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချဖို့ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အတိအလင်းဖော်ပြထားတယ်။ အဲဒီတော့ ရည်ရွယ်ချက်ကိုက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ ဖွဲ့စည်းလာမယ်ဆိုရင်တော့ ဒီလိုပါတီမျိုးရဲ့ နောက်ပိုင်းလုပ်ရပ်တွေအပေါ်မှာ အသေအချာစောင့်ကြည့်ပြီး သုံးသပ်ဖို့ လိုမှာပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

၁၃၅မျိုးချစ်ညီညွတ်ရေးပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မောင်သွေးချွန်က ဗုဒ္ဒဘာသာဝင်တွေအတွက်သာ ပါတီထောင်ခြင်းမဟုတ်ဘဲ ဘာသာခြားတွေကိုလည်း မထိခိုက်မနစ်နာစေဘဲ အမျိုးသားနိုင်ငံတော် အင်အားတောင့်တင်းရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

"ကိုယ့်ဗုဒ္ဓဘာသာတစ်ခုတည်းတင်မဟုတ်ဘူး။ တိုင်းရင်းသားအားလုံးဆိုရင် ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်အားလုံး ပါဝင်တာဖြစ်တဲ့အတွက်ကြောင့် ဘာသာပေါင်းစုံကိုလည်း လေးစားတဲ့စိတ်နဲ့ တစ်ဘာသာနဲ့တစ်ဘာသာ အပြန်အလှန် မစော်ကားဘူး။ ဒီဘာသာဝင်တွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေဘဲ ဘာသာရေးပဋိပက္ခတွေ မဖြစ်ပွားအောင်ထိန်းသိမ်းပြီး အမျိုးသားနိုင်ငံတော်ကြီး အင်အားတောင့်တင်းအောင် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဘာသာရေးကို အဓိကထားတဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့ အသုံးချတဲ့ပါတီမျိုး သူများတွေ ဝေဖန်နေသလို မဟုတ်ပါဘူး။ သူတို့စွပ်စွဲတာတွေ မမှန်ပါဘူး" ဟု ပါတီဥက္ကဌအဖြစ် တာဝန်ယူမည့် မောင်သွေးချွန်က ပြောသည်။

၁၃၅မျိုးချစ်ညီညွတ်ရေးပါတီအနေဖြင့်  ပါတီဝင်များကို အခြေခံဥပဒေကအစနိုင်ငံရေးဆိုင်ရာသင်တန်းများ ပေးသွားမည်ဖြစ်ပြီး ပါတီစည်းကမ်းများကိုတင်ကြပ်သွားမည်ဟုလည်း အသိပေးထားသည်။ လက်ရှိတွင် အဆိုပါ ပါတီသည် တရားဝင် မှတ်ပုံတင်ခြင်း မပြုရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly