ခရီးသွားတွေကို အထူးဆွဲဆောင်နေတဲ့ အင်ဒိုနီးရှားက သက်တန့်ရောင်စုံ ရွာငယ်လေး

ခရီးသွားတွေကို အထူးဆွဲဆောင်နေတဲ့ အင်ဒိုနီးရှားက သက်တန့်ရောင်စုံ ရွာငယ်လေး

ဇွန် ၁ ။              ။ မူလက သာမန်ရွာငယ်လေးတစ်ခုအဖြစ် တည်ရှိနေခဲ့ရာကနေ ငွေကြေး၊ တီထွင်ဖန်တီးမှု စိတ်ကူးဉာဏ်တို့ ပေါင်းစပ်ပြီး လှပတဲ့ ဆေးရောင်စုံခြယ်အရပ်ဒေသ တစ်ခုအဖြစ်   ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ အင်ဒိုနီးရှားက သက်တန့်ကျေးရွာတစ်ခုကတော့ ယခုအခါ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေကို အထူးဖိတ်ခေါ်ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာနေရုံသာမက အင်တာနက်ပေါ်မှာပါ ကျော်ကြားမှုကို ရရှိနေပြီ ဖြစ်ပါတယ်။

ဂျာဗားကျွန်း မြောက်ဘက် ကမ်းရိုးတန်းမြို့ Semarang မှာ ရှိပြီး မြစ်တစ်စင်းအထက် တောင်စောင်းတစ်ခုပေါ်မေးတင်ထားတဲ့ အိမ်ခြေပေါင်း ၂၀၀ လောက်ရှိ ကျေးရွာအစုအဖွဲ့လေးဟာဆိုရင်  တစ်ချိန်တုန်းကတော့ ဝင်ငွေနည်းလူတန်းစားတို့ စုဝေးရာ ညစ်ပတ်ပေရေနေတဲ့ အရပ်ဒေသတစ်ခုအဖြစ် ရှိခဲ့ဖူးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းကာလတွေအရောက်မှာတော့ ယင်းကျေးရွာသားတွေဟာ သူတို့နေထိုင်ရာ အရပ်ကို ပြောင်းလဲမှုကြီးတစ်ခု မဖြစ်မနေလုပ်ပစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ ဒေသအာဏာပိုင်ဆီက ရန်ပုံငွေ တောင်းခံရယူပြီး ယင်းအသွင်ပြောင်းရေးစီမံကိန်းအတွက် ကုမ္ပဏီအများအပြားကို ဖိတ်ခေါ်လုပ်ဆောင်ခိုင်းခဲ့ပါတယ်။

ကုန်ကျငွေ ဒေါ်လာ နှစ်သိန်းလောက် ရှိခဲ့ပြီး တစ်လတာ ကြာမြင့်ခဲ့တဲ့ ကျေးရွာအသွင်ပြောင်းစီမံကိန်းမှာတော့ အိမ်တွေကို သက်တန့်ရောင်စုံ ဆေးရောင်တွေနဲ့ ပြန်လည်ခြယ်သခဲ့ပါတယ်။ အလားတူ အနီးအနားက ညစ်ညမ်းနေခဲ့တဲ့ မြစ်ရေကိုလည်း ပြန်လည်သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ယင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်း အပြီးသတ်ချိန်မှာတော့ မြို့တော်ဝန် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါမှာတော့ နိုင်ငံရဲ့ အထင်ကရ "သက်တန့် ရွာ" အဖြစ် ပြောင်းလဲတည်ရှိနေပြီ ဖြစ်ပါတယ်။

အနုပညာလက်ရာအမျိုးစုံနဲ့ ဆေးရောင်ခြယ်သထားတဲ့ ယင်းကျေးရွာလေးရဲ့ အိမ်ခြေအများစုကိုတော့ မိုင်ပေါင်းများစွာ အကွာကတောင် လှမ်းပြီး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ယခုအခါ ယင်းကျေးရွာလေးကို စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်အရေအတွက် များပြားလာနေပြီး လူမှုကွန်ရက် Facebook ၊ Instagram တို့မှာလည်း ယင်းသက်တန့်ရွာလေးရဲ့ ဂုဏ်သတင်းဟာ အလျင်အမြန် ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags