အီဘရာဟီမိုဗစ်အတွက် ကမ်းလှမ်းမှုများစွာရှိသည်ဟု အေးဂျင့် ရိုင်အိုလာဆို

အီဘရာဟီမိုဗစ်အတွက် ကမ်းလှမ်းမှုများစွာရှိသည်ဟု အေးဂျင့် ရိုင်အိုလာဆို

ဇွန် ၁၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အတွက် အခြားသောကလပ်များ၊ နေရာများထံမှ ကမ်းလှမ်းမှုများရှိနေ သော်လည်း အနာဂါတ်အတွက် မည်သို့မျှဆုံးဖြတ်ရခြင်းမရှိသေးဟု ၎င်း၏ အေးဂျင့် မင်နို ရိုင်အိုလာကပြောသည်။

အသက် ၃၅ နှစ်အရွယ် အီဘရာဟီမိုဗစ်သည် ယူနိုက်တက်နှင့် ဇွန် ၃၀ ထိ စာချုပ်ထားသည်။ ဆွီဒင်တိုက်စစ်မှူးအနေဖြင့် စာချုပ် တစ်နှစ်သက်တမ်းတိုးရန်လည်း သဘောတူခြင်း မရှိသေးပေ။

ရိုင်အိုလာက “မန်ချက်စတာယူနိုက်တက်နဲ့ ကျွန်တော်တို့စကားပြောနေတယ်ဆိုတာ မှန်ပါတယ်။ သူတို့ဘယ်လိုစဉ်းစားနေလဲ၊ သူက သူတို့အတွက်တန်ဖိုးရှိရဲ့လားဆိုတာ ကြည့်နေတယ်”ဟု ပြောသည်။

ယမန်နှစ်နွေရာသီက ပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာသည့် အီဘရာဟီမိုဗစ်သည် ဧပြီတွင် ဒူးအရွတ် ဒဏ်ရာရရှိခဲ့၍ အနားယူနေရသည်။

လာမည့်ရာသီတွင် ကစားသမားဖြစ်သူ ကြံ့ခိုင်မှုပြည့်နေရန် မျှော်လင့်သော်လည်း သြဂုတ်တွင်စတင်မည့် ပရီးမီးယားလိဂ် ပထမ အကျော့အချိန်မီရန်မူ မလိုအပ်ဟု ရိုင်အိုလာက ဆိုသည်။

အိုးထရက်ဖို့ဒ်တွင် အီဘရာဟီမိုဗစ်ပျော်နေသလားဆိုသည့်မေးခွန်းနှင့်ပတ်သက်ပြီး ရိုင်အိုလာက “ကျွန်တော့်ကောင်လေးက ဘယ်မှာပဲဖြစ်ဖြစ် ဂိုးတွေသွင်းရရင်ပျော်နေသလိုပဲ အသင်းဘက်ကလည်း ကျေနပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုသာ ပြန်ဖြေခဲ့သည်။

အီဘရာဟီမိုဗစ်သည် ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစားပြီး ၂၈ ဂိုးသွင်းထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly