ယခုလ ၃၀ ရက်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်းတိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ နေအိမ်နှင့်အဆောက်ဦးများ ပျက်စီးဆုံးရှုံးမှုစာရင်းကို ရခိုင်ပြည်နယ်အစိုးရက အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် နေအိမ်နှင့်အဆောက်ဦး အများအပြား ပြိုပျက်မှုများရှိခဲ့ပြီး စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်များရှိ အပျက်အစီးစာရင်းများအား အတည်မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ကျန်ရှိနေသည့် မြို့နယ်များအလိုက် လုံးဝပျက်စီးသွားသည့်အဆောက်အဦးများမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၃၉၊ ရသေ့တောင် ၅၊ မြောက်ဦး ၁၃၊ ကျောက်တော် ၅၀၊ မြေပုံ ၂၄၊ မင်းပြား ၄၅၊ ကျောက်ဖြူ ၁ နှင့်စုစုပေါင်း ပျက်စီးမှုစာရင်းမှာ ၁၇၇ ခုနှင့်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုစုစုပေါင်းမှာ ၉၄၃ ခုထိရှိနေပြီး ပျက်စီးဆုံးရှုံးမှု အမျိုးအစားမှာ ၃၁၄ မျိုးခန့်ရှိခဲ့ကြောင်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်အား ယခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေမှာ ကျပ်သန်းပေါင်း ၃၈၂ ဒသမ ၁၂၄ သန်းခန့် ရှိပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ဆက်လက်မြင့်တက် လာနိုင်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်သို့ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ ရောက်ရှိခဲ့ကြောင်းလည်း သိရသည်။