အမျိုးသမီးများဘဝလုံခြံုရေးအတွက် အထောက်အကူပြုနိုင်မည့် Safecities Application ကို အသုံးပြုနိုင်ပြီ

အမျိုးသမီးများဘဝလုံခြံုရေးအတွက် အထောက်အကူပြုနိုင်မည့် Safecities Application ကို အသုံးပြုနိုင်ပြီ
ဓာတ်ပုံ-သက်ကို
 

အမျိုးသမီးဘဝလုံခြုံဖို့ အားလုံးအတူလက်တွဲစို့ ဆောင်ပုဒ်နှင့်အညီ Safe Cities mobile Application  တစ်ခုကို အမျိုးသမီးတွေလုံခြုံရေးအတွက် ရည်ရွယ်ရေးဆွဲထားပြီဖြစ်သည်။

အဆိုပါ Application မိတ်ဆက်ပွဲကို Actionaidနှင့် Mizzima မီဒီယာတို့ပူးပေါင်းပြီး မေ ၃၁ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အဲ့ဒိမိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအရေးဆောင်ရွက်ပေးနေသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသမီးများ၏ လုံးခြုံရေးအတွက် ဆွေးနွေးခဲ့ကြသည်။

Safe Cities mobile Application ကို အသုံးပြုခြင်းအားဖြင့် အမျိုးသမီးများလုံခြုံမှုအတွက် အကူအညီ ဖြစ်လာနိုင်ကြောင်း အဆိုပါ မိတ်ဆက်ပွဲမှ သိရသည်။

"Application ကို Login ဝင်လိုက်ပြီဆိုတာနဲ့ ရောက်ရှိနေတဲ့နေရာကို GPSနဲ့ချတ်ထားတဲ့အတွက် ဘယ်နေရာကိုရောက်နေလဲ သိနိုင်ပါတယ်။ လုံခြုံမှုရှိလား၊မရှိဘူးလား၊ ကိုယ့်ရဲ့ခံစားချက်တွေကိုပြောနိုင်ပါတယ်။ လုံခြုံမှုမရှိဘူးဆိုရင်လည်း ဘာကြောင့်လဲ။ ဘယ်လိုဝန်ဆောင်မှုတွေကအားနည်းနေလဲ။ ပလက်ဖောင်းမကောင်းတာလား။ လမ်းမီးမရှိတာလား အခြေနေမျိုးတွေကို နယ်မြေသတ်မှတ်ပြီး သတင်းပေးပို့လို့ရတယ်။ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေရဲ့ ဖုန်းနံပါတ်တွေကိုထည့်ထားပါတယ်"ဟု Actionaid Myanmar ရဲ့ စီမံကိန်းညှိနှိုင်းရေးမှူး မလွင်လွင်လှိုင်က ရှင်းပြသည်။

အဆိုပါ Application တွင် ဘေးအန္တရာယ်ကျရောက်ပါက အကူအညီ တောင်းခံနိုင်သည့် ရဲဌာန၊ မီးသတ်၊ ဒေသအာဏာပိုင်အဖွဲ့အချို့ နှင့် ပရဟိတအသင်းအချို့၏ ဖုန်းနံပါတ်များကို ထည့်သွင်းထားသည်။

ယင်းအချက်အလက်များအပေါ် အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးအကြံပြုချက်များထဲတွင် ဘေးအန္တာရာယ်ကျရောက်သည့်အခါ ရဲစခန်းများကို ဖုန်းဆက်အကူအညီတောင်းသော်လည်း အချိန်မီ ရောက်လာခြင်းမရှိဘူးဆိုသည့် အချက်များလည်းပါဝင်သည်။

App မိတ်ဆက်ပွဲတွင် Safecities mobile Application ကို အသုံးပြုပုံ နှင့် အသုံးပြုခြင်းအားဖြင့် ဘယ်လိုကူညီမှုတွေရနိုင်မလဲဆိုသည့် အချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ပွဲတက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး ပြည်သူလွှတ်တေ်ာကိုယ်စားလှယ်များက အမျိုးသမီးတွေအတွက် ပူးပေါင်းလုပ်ဆောင်မှုတွေ ပြုလုပ်ပေးမည့်အကြောင်း ပြောကြားခဲ့ကြသည်။

"အမတို့အနုပညာရှင်တွေအနေနဲ့လည်း ကိုယ်တတ်နိုင်သလောက် လက်လှမ်းမှီအောင်အပြင် ကိုယ့်ထက်လက်တံရှည်တဲ့ အခြားအနုပညာရှင်တွေကိုလည်း အမကနေ့တဆင့် ဆက်လက်လှုံ့ဆော်ပြီးတော့ ဒီထက်မကပိုပြီးပြန့်ပွားအောင် လူတွေအသုံးပြုနိုင်အောင်၊ အသုံးပြုအောင်လှုံ့ဆော်ပေးဖို့က အမတို့ရဲ့ တာဝန်ဖြစ်ပါတယ်"ဟု Road Safety Myanmar ရဲ့ သံတမန်ဖြစ်သူ မော်ဒယ်သန္တာလှိုင်က ပြောသည်။

Safe Cities mobile Application ကို မိုဘိုင်းဖုန်းအတွင်းသို့ Google Play Store မှတစ်ဆင့် Safecities ဟု ရိုက်နှိပ်ရှာကာ Download ရယူနိုင်ပြီး အမျိုးသမီးများအတွက် လုံခြုံမှုမရှိသည့် အခြေအနေများရှိပါက မလုံခြုံကြောင်း App မှတစ်ဆင့် အသိပေးနိုင်ပြီး အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များကိုလည်း အဆိုပါ Application ထည့်သွင်းပေးထားသည်။ Application ၏ အမည်ကို Safecities ဟု space မခြားဘဲ ရိုက်နှိပ်ရှာနိုင်ပြီး ခရမ်းရောင်လိုဂိုဖြင့် တွေ့မြင်နိုင်မည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ App ကို Android ဖုန်းများတွင်သာ သုံးနိုင်သေးပြီး iphone တွင်မူ အသုံးပြုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။ App တွင် ထည့်သွင်းထားသည့် သတင်းအချက်အလက်၊ အကူညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်များ နှင့် ဌာနဆိုင်ရာအချို့၏ နံပါတ်များကိုလည်း ထည့်သွင်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly