ကချင်စစ်ရှောင်ဒုုက္ခသည် ကလေးများ ကျောင်းသုံုးကိရိယာများ ထောက်ပံ့မှု လုုိအပ်နေ

ကချင်စစ်ရှောင်ဒုုက္ခသည် ကလေးများ ကျောင်းသုံုးကိရိယာများ ထောက်ပံ့မှု လုုိအပ်နေ
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းဖြစ်သည့် ဂျေးယန်းဒုက္ခသည်ရှိ စစ်ပြေးဒုက္ခသည်အမျိုးသမီးတစ်ဦးအား ဇူလိုင်လ ၂၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - မင်းမင်း (မဇ္ဈိမ)

ချင်းမိုင်၊မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။    ။ KIO နယ်မြေရှိ စစ်ရှောင်ဒုက္ခသည် ကလေးငယ်များအတွက် ကျောင်းသုံးကိရိယာများ ကူညီထောက်ပံ့မှု မရှိသဖြင့် ကျောင်းသားမိဘများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်နှစ်များတွင် ကျောင်းအပ်ခ မပေးရသော်လည်း ယခင်နှစ်များကဲ့သို့ ကူညီထောက်ပံ့မှု ရရှိခဲ့သော ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ခဲတံများ ယခုနှစ်တွင် မရရှိသေးသဖြင့် ကျောင်းသားမိဘများ ဝယ်ယူရမည်ဖြစ်၍ အခက်အခဲ ဖြစ်နေသည်ဟု ဂျေယန်းဒုက္ခသည်စခန်းမှ စစ်ရှောင်ဒုက္ခသည်များက ပြောသည်။

“အစားအသောက်က ထောက်ပံ့မှုရလို့ သိပ်မခက်ဘူး။ ဒါပေမယ့် ကလေးတွေ ပညာရေးအတွက်တော့ အရင်နှစ်တွေဆို ထောက်ပံ့ကြေးတွေ ရတယ်။ အခု ဒီနှစ်က မရတော့ဘူးဆိုတော့ အဝတ်အစား၊ စာအုပ်၊ ခဲတံကအစ အကုန် ဝယ်ရတော့မယ်။ စခန်းမှာက ဝင်ငွေမရှိတော့ အခက်အခဲ ဖြစ်နေတာ”ဟု ဒုက္ခသည် တစ်ဦးက ပြောသည်။

ဂျယန်းဒုက္ခသည်စခန်းမှ ဒေါ်ခါးတောမ်ကလည်း “မနှစ်ကတော့ အန်ဂျီအို အဖွဲ့အစည်းတွေက ဗလာ စာအုပ်လို၊ လွယ်အိတ်တွေ ကူညီပေးတယ်။ ဒီနှစ်က ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တယ်လို့ မကြားရသေးဘူး”ဟု ပြောသည်။

စစ်ရှောင်ဒုက္ခသည်စခန်းအတွင်း ယခုနှစ် ပညာရေးအတွက် လူမှုအဖွဲ့အစည်း၏ အကူအညီများ ဆက်လက် လှူဒါန်းလိမ့်မည်ဟု ယုံကြည်ကြောင်း KIO မှ စစ်ရှောင်ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ခံ ဗိုလ်မှူးကြီး ဟိန်းဝေါမ်က ပြောသည်။

“ပညာရေးအတွက် ထောက်ပံ့မှုတော့ ဆက်ရှိနေမှာပါ။ ဒီနှစ်က ရောက်တာ နောက်ကျ မလားမသိဘူး။ ကျောင်းဖွင့်ပြီး နှစ်ပတ်၊ နှစ်ပတ်လောက်စောင့်ရမယ်။ ပုံမှန်ဆက်ကူညီထောက်ပံ့ဖို့တော့ ရှိမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုနှစ်ပညာသင်နှစ်အတွက် စေသနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အရေအတွက် ၁၀၀ ဦး တောင်းဆိုထားသော်လည်း ယခုထိ ဂရုဏာအဖွဲ့ (KMSS)မှ စေလွှတ်လိုက်သော ကျောင်းဆရာ၊ ဆရာမ ၃၀ ကျော် ရောက်ရှိနေပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွ့ဲချုပ် (KBC)မှလည်း စေတနာ့ဝန်ထမ်းများ ထပ်မံ ရောက်ရှိမည် စောင့်ဆိုင်းနေသည်ဟု သူက ပြောသည်။ 

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ တကျော့ပြန် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်သည် ယနေ့ထိ မိမိနေရပ်မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly