ကျော်ကြားတာ မကျော်တာကို စိတ်မဝင်စားတဲ့ မာရဇ္ဇ

ကျော်ကြားတာ မကျော်တာကို စိတ်မဝင်စားတဲ့ မာရဇ္ဇ
 

မာရဇ္ဇနှင့် တွေ့ဆုံခန်း  အပိုင်း (၂)

မဇ္ဈိမတီဗီကို ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ ။ ကျွန်တော်တို့ အခုတင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ အနုပညာရှင်နဲ့  စကားဝိုင်း အစီစဉ်လေးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့အစီစဉ်လေးမှာ ဒီတပတ်အတွက် ဖိတ်ကြားထားတဲ့သူကတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို တစိုက်မတ်မတ် နှစ် ၂၀ကျော်ပေါ့နော်။ သီဆိုအောင်မြင်လာတဲ့ အခုအချိန်ထိ အောင်မြင်နေဆဲ   တေးရေးဆရာ အဆိုတော်တယောက်ဖြစ်တဲ့ ကိုမာရဇ္ဖနဲ့ ဆွေးနွေးခန်းလေးပဲ ဖြစ်ပါတယ် ။

မေး။ နောက်ထပ်မေးခွန်းလေး တစ်ခုပေါ့ အခုခေတ်ကျွန်တော်တို့ဆီမှာ ခေတ်စားနေတာပေါ့ ။ အဆိုပြိုင်ပွဲတွေအကြောင်းပေါ့။ ဒီအဆိုပြိုင်ပွဲတွေသည် လမ်းမှားနေတယ် ကောင်းတယ် ၊ မကောင်းဘူး အဲ့ဒါတော့ထားပါတော့ သိချင်တာကကို မာရဇ္ဇ အမြင်ပေါ့နော်။ ဒီပြိုင်ပွဲတွေကနေ ဘယ်လောက်ထိ အဆိုတော်တယောက်ဟာ ဘယ်လောက်အတိုင်းအတာ အောင်မြင်လာနိုင်လဲ  တကယ်အောင်မြင်တာလား မေးချင်တာက အနုပညာသည် ပြိုင်ဆိုင်စရာကိစ္စဟုတ်ပါသလား အဲဒါလေးသိချင်တာပါ။

ဖြေ။ အင်း နောက်ဆုံးမေးခွန်းကို စဖြေရရင်တော့ ကိုယ်ခံယူထားတာ သူများတွေမဟုတ်ဘူးနော်။ ခုဟာက ကိုယ့်အကြောင်းပြောနေကြတာဆိုတော့ အနုပညာဆိုတာ ပြိုင်ဆိုင်စရာ ကိစ္စမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီလိုလည်း ခံယူထားတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ  တစ်ယောက်နဲ့တစ်ယောက် အသက်ရှုပုံခြင်းမတူဘူး။  မွေးဖွားပုံခြင်းမတူဘူး။ ရပ်တည်ပုံခြင်းတွေ မတူဘူး၊ အသက်ရှုပုံခြင်းတောင် ကွဲတယ်ဆိုရင် နှလုံးသားက ခံစားမှုနဲ့ဖြစ်လာတဲ့ဖန်တီးမှုတွေက မတူနိုင်ဘူး။ ဒါကို ယှဉ်ပြိုင်မယ်ဆိုရင် ဒါဟာမှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ပြောချင်တယ်။  အဲဒီတော့ သမိုင်းကြောင်းလေးတစ်ခု ပြန်ပြောပြမယ်။ ကိုငှက်ဆိုတာ မြန်မာပြည်မှာ လေးစားစရာကောင်းသလို အင်မတန်ကြည်ညိုစရာကောင်းတဲ့ တကယ့်ပါရမီရှင်။ ကိုယ်တို့လည်း အင်မတန် အားကျခဲ့ရတဲ့ကိုထူးအိမ်သင်ပေါ့ ။ သူနဲ့ အစ်ကိုက အဆိုတော်မဖြစ်ခင်တည်းက ရန်ကင်းမှာ အတူနေခဲ့ဖူးတယ်။ ကိုရဲသွင်တို့ရော၊  ကိုယ်က အခွေထွက်ဖို့ကြိုးစားနေတုန်းပေါ့။ အဲဒီတုန်းက နှင်းဆီလှိုင်းအုပ်စုမှာ ကိုဇော်သစ်က အင်း ဒီစကားက ပုတ်ခတ်တာ မပါ ပါဘူး။ သမိုင်းကြောင်းဆိုတာ ချန်ထားလို့ မရဘူး ။ အဲဒီကာလအမှတ်တရလေး ပြန်ပြောပြချင်လို့ပါ။ အဲဒီအချိန် ကိုငှက်က အင်မတန်ထူးချွန်တဲ့ပညာရှင်ဆိုတော့ သူ့ပါးစပ်က ထွက်ကျလာတဲ့  ဒီအဆိုတော်မိုက်တယ် လို့ အသစ်တယောက်ကို ပြောလိုက်တာနဲ့ထုတ်ပေးမယ့် Producer က လက်မရွံ ့တော့ဘူး။ မျက်စိမှိတ်ထုတ်ပေးတာ။  အဲဒီတော့ ကိုဇော်သစ်ကို ပြောတယ် ။ ကျွန်တော့အခွေလေး ထွက်ဖို့လုပ်ပေးပါ။ ပိုက်ဆံတစ်ပြားမှ မပေးပါနဲ့။  မြတ်ရင် အကုန်ယူပါ။ ထွက်ဖြစ်ရင် တော်ပါပြီလို့ပြောတော့ သူလည်း အဲဒီချိန်က အခက်ခဲတွေ ရှိချင်ရှိနေပါလိမ့်မယ်။ ထားပါတော့။  အဲဒီမှာ သူက ဘာပြောလဲဆိုတော့ မင်း ငှက်ကြီးကို နားထောင်ခိုင်းပြီးပြီလားလို့မေးတယ် ။ အဲဒါနဲ့ ကျွန်တော် ဖွင့်မပြရသေးဘူး။ ဖွင့်ပြလိုက်ပါမယ်ဆိုပြီး သူ့အခန်းလေးကိုသွားပြီး ကက်ဆက်လေးတစ်လုံးနဲ့ ကိုငှက်ပေါ့နော် ။ ဒါကျွန်တော့်အခွေလေးပါ နားထောင်ပေးပါဦး ဆိုတော့ အေး အေးဖွင့်လေ ဆိုပြီး တစ်ပုဒ်ပြီးတစ်ပုဒ် သူ နားထောင်တယ်ပေါ့ ။ အဲဒီလိုနဲ့သီချင်းက ၁၅ ပုဒ်ပါတယ်။ ဖွင့်ပြီးတဲ့ချိန်မှာ သူဘာပြောမလဲပေါ့နော်။ သူ စကားတစ်ခွန်းမှမပြောခဲ့ဘူး ကိုယ့်ကို။   အဲဒါတာနဲ့ဟ ဘာမှလည်း မပြောဘူးပေါ့နော်။ သွားမှဆိုပြီး နှုတ်ဆက်ပြီးပြန်လာခဲ့တယ်။  သူက အရမ်း ပါဝါကြီးနေတော့ ကိုယ်လည်း မမေးရဲတော့ ဒီတိုင်းပဲနေရတာပေါ့ ။ အဲဒီမှာ ကိုဇော်သစ်က ထပ်မေးတယ် ဖွင့်ပြပီးလားပေါ့ ။ ဘာပြောလဲပေါ့။ ကိုယ်လည်း ဖွင့်ပြပီးပီ ဘာမှမပြောဘူးဆိုတော့  အေး မင်းကို ငှက်ကြီးက ဘာမှမပြောဘူးဆိုထဲက မင်းကိုယ်မင်းသိဖို့ကောင်းတယ်တဲ ။  အဲဒီမှာ ကိုငှက်ကို လည်ပင်းပဲ ညှစ်ရမလို၊ အတင်း တစ်ခုခုတော့ပြောဟ ဆိုပြီးပဲ မေးရမလို။ အဲဒီချိန်မှာ သူကဘာလို့မပြောတာလဲပေါ့။  ပြစ်မှားမိခဲ့တယ်။ သိပ်လည်း အစေးမကပ်တော့သလိုပေါ့။ အဲဒီလိုနဲ့နှစ်တွေ အတော်ကြာလာတဲ့အခါမှာတော့ မာရဇ္ဇလည်း အစွယ်ပေါက်လာပြီပေါ့။ ဇာတ်ပေါင်းအခွေ အိုအေစစ်စတူဒီယိုမှာ ဖန်တီးနေတဲ့အချိန် သူလည်း သူ့ရဲ့နောက်ဆုံးအချိန်တွေ ကို အိုအေစစ် စတူဒီယိုမှာပဲ နေတော့တဲ့ချိန်ပေါ့။ အဲဒီမှာ အနုပညာအကြောင်းတွေ ဟိုပြောဒီပြော ဆွေးနွေးနေကြရင်း  ကိုငှက်က မေးတယ်။ ဟေ့လူပေါ့ နေပါဦး။ အဲ့တုန်းက ခင်ဗျားအခွေကို  ကိုဇော်သစ်က ဘာလို့ မယူခဲ့တာလဲ မေးတော့  ၊  ဟာ ခင်ဗျားမေးပြီလား ။ ကျွန်တော် အဲ့ဒါကို စောင့်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့အဲဒီတော့ စောစောကပြောခဲ့တဲ့ အဖြစ်ပျက်လေး ပြန်ပြောပြလိုက်တော့  သူအရမ်းဒေါသထွက်ပြီး ထုံးစံတိုင်း ဟိုပြောဒီပြောဆဲဆိုပြီး အဓိပ္ပါယ်မရှိတာဗျာ ခင်ဗျား သီချင်းတွေ ဝေဖန်ရအောင် ၊ ကျွန်တော့်ဘာသာရပ်မဟုတ်ဘူးလေတဲ့။ ခင်ဗျားက ရော့ခ်ဂီတ ၊ ကျွန်တော်မကျွမ်းကျင်တဲ့ဘာသာရပ်ကို ဝေဖန်ရင် ကျွန်တော် ခွေးဖြစ်သွားမှာပေါ့တဲ့။ အဲဒီချိန်မှာ ကိုယ် တစ်ချိန်က သူ့အပေါ် မကြည်လင်ခဲ့တဲ့စိတ်ကို အရမ်းအားနာသွားပြီးတော့ ငါ တော်တော်မှားခဲ့ တာပဲပေါ့။ အဲ့တော့မှ သူ့ကို အရင်ထက်ပိုပြီး၂ဆ ပိုကြည်ညိုသွားခဲ့ရတယ် ။  သူ ဆိုတဲ့ဂီတနဲ့ မပတ်သက်တဲ့ဟာကို သူ့အနေအထားနဲ့ မဝေဖန်ဘူး။  သူ့မှာ စည်းရှိတယ် အဲ့တော့ မာရဇ္ဇ ဘာမှ မဟုတ်တဲ့အချိန်မှာတောင် မယှဉ်ပြိုင်ခဲ့၊ မဝေဖန်ခဲ့ဘူး ။ စောစောကပြောတဲ့ အနုပညာဆိုတာ ယှဉ်ပြိုင်စရာကိစ္စမဟုတ်ဘူးဆိုတာ ကိုယ် ပိုသိလိုက်ရတယ်။ အခု အဆိုပြိုင်ကြတာ ဘာကိုပြိုင်နေကြတာလဲ။ တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ထဲကလာတာ ဘယ်လိုသွားတူမှာလဲ အခု ဆိုပျော်တွေ အရမ်းလုပ်လာကြတယ်။ ဟိုတစ်နေ့ကပဲ  ဂျာနယ်လစ်တယောက်က မေးသေးတယ်။ ပြန်ဆိုတေးတွေကြောင့် သီချင်းတွေပျက်စီးတယ် ၊ လုပ်သင့်တယ် မလုပ်သင့်ဘူး ငြင်းနေကြလို့ မာရဇ္ဇအမြင်လေးပြောပါဆိုလို့ ကျွန်တော်တို့ ဘာများ လုပ်နိုင်လို့လဲလို့။ ပြန်ဆိုစရာကို မဟုတ်တာ။ သူက ဘာကို ခံစားသီဆိုထားမှန်းကို မသိ။ ပေါ့ပေါ့လေး ပြန်ဆိုကြလို့ပျက်စီးသွားတာ အများကြီး ။ ကိုကိုယ်တိုင်လည်း သူများသီချင်းတွေ ပြန်ဆိုခဲ့ဖူးပါတယ်။ ပြောကြတယ် ။ ကိုယ်ဆိုတာ ကောင်းတယ်တို့ ၊ ကိုယ့် သီချင်းဖြစ်သွားတယ်တို့ဘာတို့စသဖြင့် ထားပါ ။ ဒါပေမယ့် အစ်ကိုက လက်မခံပါဘူး။  ဘာကြောင့်လဲ ။ မူရင်းကောင်းလို့ကောင်းတာပါ။ အစ်ကို သီချင်းတစ်ပုဒ်ကို ပြန်ဆိုတော့မယ်ဆိုရင် မူရင်းအဆိုတော် ဘာတွေကောင်းလဲ ဘာတွေအားသာချက်ရှိလဲ ။ အဲ့ဒါတွေအရင်ဆုံးလေ့လာပြီးမှ ပြန်ဆိုတာဖြစ်တယ် ။ စောစောက ပြောသလို အဆိုပြိုင်ပွဲတွေကလည်း ပြန်ဆိုတေးဆိုတော့ မဆိုပါနဲ့ပြောလို့ကတော့ လူတွေမုန်းမှာပဲ အဖတ်တင်မှာလို့ ပြောခဲ့ဖူးတယ်။ တစ်ချိန်က မှန်တာတွေပြောရင်း တဖြည်းဖြည်း ဘေးရောက်သွားခဲ့ရတယ်။ ကိုယ်တွေကိုမုန်းလာတယ် ။ အဲဒီတော့ ဘာများအကျိုးရှိလဲ  အခု Super Star ဖြစ်နေတဲ့အဆိုတော်တွေ ဒိတ်ဒိတ်ကျဲတွေ အကုန်လုံးရော၊  သူများသီချင်း ပြန်ဆိုကြတာမဟုတ်ဘူးလား။ ဒီကိစ္စကြီးကိုပြောတော့ ဘာထူးမှာလဲ လက်ခံမှာလား ။ ဒီ ပရိတ်သတ် လက်ခံနေတာ အဲဒါမို့လည်း  ပြဿနာတက်နေတာ ။ ဟ မင်းတို့ပြန်မဆိုနဲ့ပြောတာလဲ  ဒီပရိတ်သတ် အားပေးတော့လဲ ဒီလူတွေပဲ။

မေး။ ဟုတ် ဒီသီချင်းတစ်ပုဒ်က ဘယ်နှစ်ယောက်က ဘယ်နှစ်ခါပြန်ဆိုမှာလဲပေါ့ မူရင်းရသထက် နောက်ထပ် ဘယ်လောက်ထပ်ထွက်လာမှာလဲ အစ်ကို့အမြင်လေး သိပါရစေ။

ဖြေ။ အဲဒါပြောချင်တာ အနုပညာဆိုတာ ဖန်တီးတဲ့ကိစ္စပါ။ အဲဒီတော့ အမုန်းခံပြီးပြောလိုက်မယ်။ လူငယ်တွေကို ကိုယ့်သီချင်းကို မရေးနိုင်ရင် အနုပညာလောကထဲ ရပ်တည်ဖို့ မစဉ်းစားပါနဲ။   စေတနာနဲ့ပြောတာ မျက်နှာငယ်ရတယ်။ အောင်မြင်နေတဲ့အဆိုတော်ကြီးတွေတောင် သူများ သီချင်းကို မျှော်ကိုးနေရတဲ့အတွက် မျက်နှာငယ်ရတယ်။ ကိုငှက်သေသွားတော့ သူ့အုတ်ဂူလေးမှာ ဝေးသွားတဲ့အခါဆိုပြီး ကြေးပြားလေးခတ် သူ့ကိုဂုဏ်ပြုထားတယ်။ အခု နာမည်ကြီးတွေ ဘာတွေချန်ခဲ့မလဲ အနုပညာဆိုတာထားခဲ့ရမှာ။ လူဆိုတာ သေရင် အကုန်ထားခဲ့ရမှာ။ တချို့ဆို လူတောင် မသေသေးဘူး။ နာမည်ပျောက်သွားတဲ့သူတွေ အများကြီး။ ကိုငှက် လူတိုင်း သတိရနေတယ်။ ထားပါ သူက အရမ်းကြီးမြတ်လွန်းတယ်။ ကိုခင်ဝမ်း ဆိုပါတော့။  သူ ၂ခွေပဲ ထွက်ခဲ့ဖူးတယ်။ ဒါပေမယ့် ကိုခင်ဝမ်းသီချင်းတွေ လူတွေ တမ်းတနေတုန်းပဲ ကိုယ်တွေလည်း တီးခဲ့၊ ဆိုခဲ့ဖူးတယ်။ သူ ဖန်တီးထားတဲ့ အနုပညာတွေ ကျန်နေခဲ့တာ ဒိုးလုံး၊ ကိုယ့်ထက် အများကြီးငယ်တယ်။ စီနီယာ အများကြီးနောက်ကျတယ်။ လေးစားတယ်၊ သူ့သီချင်းသူ ဖန်တီးခဲ့တယ်။ ဒိုးလုံးဆိုတဲ့ သူ့မှတ်တိုင်သူ စိုက်ထူခဲ့တယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် အနုပညာသမားဟာ ဖန်တီးရမယ်။ ကျော်ကြားတာ၊ မကြားတာ အစ်ကိုတို့စိတ်မဝင်စားဘူး။ မာရဇ္ဇ နာမည်မကြီးပါဘူး။ ဒါပေမယ့်  ကျေနပ်တယ် ၊ ကိုယ့်ဘဝကိုယ်။

အင်တာဗျူးအပိုင်း(၁)အားကြည့်ရန်-http://www.mizzimaburmese.com/article/27545

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly