တတိယအင်အားကြီးပါတီတစ်ခုဖြစ်အောင် ကြိုးစားမည်ဟု မဘသဦးဆောင်သူများပါသည့် ၁၃၅မျိုးချစ်ပါတီဦးဆောင်သူပြော

တတိယအင်အားကြီးပါတီတစ်ခုဖြစ်အောင် ကြိုးစားမည်ဟု မဘသဦးဆောင်သူများပါသည့် ၁၃၅မျိုးချစ်ပါတီဦးဆောင်သူပြော

ရန်ကုန်၊ မေ ၃၁ ။             ။ ရွေးကောက်ပွဲကော်မရှင်အနေနှင့် ပါတီမှတ်ပုံတင်ကိစ္စကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ချပေးမည် ဆိုလျှင် ပြည်သူလူထုအားကိုးရသည့် တတိယအင်အားကြီး ပါတီတစ်ခုဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားမည်ဟု ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီထူထောင်ရန်ကြိုးစားနေသည့် ဓမ္မဝံသာနုရက္ခိတအဖွဲ့ ဥက္ကဋ္ဌ မောင်သွေးချွန်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် အခြားသောနိုင်ငံရေးပါတီကြီးများ၊ တိုင်းရင်းသားပါတီများနှင့်လည်း ကတ်တီးကတ်ဖဲ့မလုပ်ဘဲ ချစ်ခင်ညီညွတ်အောင် ကြိုးစားသွားမည်ဟု ၎င်းက ဆိုသည်။

"ရွေးကောက်ပွဲကော်မရှင်ကနေ မှတ်ပုံတင်ကို ညစ်ပတ်မထားဘူး။ ကျွန်တော်တို့ကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ချပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့စည်းရုံးလှုပ်ရှားမှုက တစ်တိုင်းပြည်လုံး အုန်းအုန်း ကြွက်ကြွက်နဲ့ တတိယအင်အားကြီး ပါတီအဖြစ်နဲ့ aပါ်ထွက်ပြီးတော့ ပြည်သူလူထုအားကိုးရတဲ့ပါတီ တစ်ခုဖြစ်အောင်ကြိုးစားလုပ်ဆောင်သွားမယ်။ ရှေ့ကပါတီတွေ အခြားအခြားသော   နိုင်ငံရေးပါတီကြီးတွေ တိုင်းရင်းသားပါတီတွေနဲ့လည်း ချစ်ခင်ညီညွတ်အောင် ကြိုးစားဆောင်ရွက်သွားမယ်။ ဘယ်သူ့ကိုမှ ကတ်တီးကပ်ဖဲ့မလုပ်ဘူး။ အတိုက်အခံမလုပ်ဘူး။ ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်သွားမယ်" ဟု မောင်သွေးချွန်က ပြောသည်။

လတ်တလောအနေအထားအရ ဗုဒ္ဓဘာသာဝင်များနှင့် အမျိုးသားရေးအင့်အားစုများကို ကာကွယ်စောင့်ရှောက်ရန် ဆန္ဒပြရုံ၊ သပိတ်မှောက်ရုံဖြင့် မလုံလောက်သဖြင့် တရားဝင်ပါတီတစ်ရပ်အနေဖြင့် ပြောရေးဆိုခွင့် လိုအပ်နေသည့်အတွက် ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီကို တစ်လအတွင်း တည်ထောင်နိုင်ရန် ကြိုးစားနေခြင်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပါတီတည်ထောင်ရေးတွင် ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိလျှင် မကောင်းကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်က သုံးသပ်ပြောကြားသည်။

"ပါတီထောင်တာကတော့ ဘယ်သူမဆိုထောင်ခွင့်ရှိတယ်လေ။ ဒါပေမယ့် ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချဖို့ဆိုတဲ့ရည်ရွယ်ချက်ဆိုရင်တော့ မကောင်းဘူးလေ။
အမှန်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကြရတာ၊ အဲဒီလိုမဟုတ်ဘဲ ဘာသာရေးကို အသုံးချဖို့ အစကတည်းက ရည်ရွယ်ထားရင်တော့ နည်းနည်းတော့သုံးသပ်ရမှာပေါ့။ ဒီဟာကို..." ဟု ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိအချိန်တွင် ပါတီမူဝါဒလမ်းစဉ်များနှင့် စည်းမျည်းစည်းကမ်းများကို မူကြမ်းအဆင့်ရေးဆွဲသည့် အဆင့်ရောက်နေ အသေးစိတ်ရေးဆွဲပြီးမှ ပါတီ၏အဓိကလမ်းစဉ်မှာ အမျိုးသားအကျိုးစီးပွားကို   ဖော်ဆောင်ရန်၊ တိုင်းရင်းသား ၁၃၅ မျိုး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမားရေး ဘဝအထွေထွေကို တတ်နိုင်သမျှမြှင့်တင်ပေးရန်ဖြစ်ပြီး အမျိုးဘာသာသာသနာစောင့်ရှောက်လိုသူတိုင်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly