အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာရာထူးမှ မိုက်ခ်ဒက်ဘ်ကီ နှုတ်ထွက်

အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာရာထူးမှ မိုက်ခ်ဒက်ဘ်ကီ နှုတ်ထွက်

 မေ ၃၁ ။                   ။ မိုက်ခ်ဒက်ဘ်ကီသည် အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာရာထူးမှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့ တွင် အတည်ပြုခဲ့သည်။

အဆိုပါရာထူးတွင် ၃လခန့် လုပ်ကိုင်ခဲ့သော ဒက်ဘ်ကီ၏ နှုတ်ထွက်သတင်းကို Axios မှ ကနဦး သတင်းတင်ပြခဲ့ပြီး သူ၏ နှုတ်ထွက်စာကို မေလ ၁၈ ရက်နေ့ကတည်းက တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သမ္မတကြီးထရမ့်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ထံမှာ တာဝန်ထမ်းဆောင်ခဲ့ရတာဟာ တကယ့်ကိုဂုဏ်ယူစရာကောင်းပါ တယ်။ ဒါ့အပြင် စာနယ်ဇင်းသတင်းနှင့် ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းများနှင့်အတူ တစ်ရက်ပြီးတစ်ရက် လက်တွဲပြီး အလုပ်လုပ်ရတာကိုလည်း ကြည်နူးမိပါတယ်” ဟု ဒက်ဘ်ကီက သူ၏ ထုတ်ပြန်ချက်ထဲ၌ ထည့် သွင်းပြောကြားခဲ့သည်။

ဒက်ဘ်ကီသည် ထရမ့်၏မဲဆွယ်စည်းရုံးရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိသလို သူ့ကိုမငှားရမ်းမီ အချိန် ထိလည်း ထရမ့်နှင့် မသိသေးပေ။ ဖေဖေါ်ဝါရီလက သူ့ကိုဆက်သွယ်ရေး ဒါရိုက်တာရာထူး ခန့်အပ်တော့မည်ဆို သော သတင်းပေါ်ထွက်လာချိန်တွင် အိမ်ဖြူတော်အနောက်ဘက်ခြမ်းအတွင်း စုံစမ်းစစ်ဆေးမှု ပေါက်ကြားခြင်း ကို အစပေါ်စေခဲ့သည်။

ဒက်ဘ်ကီကို အမေရိကန်သမ္မတ၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ် ပြီးဆုံးသည်အထိစောင့်ဆိုင်းပြီးမှ နှုတ်ထွက် ရန်တောင်းဆိုခဲ့ကြောင်းကိုလည်း Axios သတင်းဌာမှ တင်ပြခဲ့သည်။ ထရမ့်သည် ဆော်ဒီအာရေဗျ၊ အစ္စရေး၊ ဗာတီကန်စီးတီး၊ ဘရက်ဆဲလ်နှင့် အီတလီ နိုင်ငံများသို့ ကိုးရက်တာခန့် ခရီးထွက်ခဲ့အပြီးတွင် ဝါရှင်တန်သို့ ပြီးခဲ့သော စနေနေ့က ပြန်လည်ရောက်ရှိလာခဲ့သည်။

ဒက်ဘ်ကီ၏ အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည့် နောက်ဆုံးနေ့ရက်ကို တိတိကျကျ မသတ်မှတ်ရသေးကြောင်း အရာရှိများက ပြောခဲ့သည်။

ထရမ့်သည် ဒက်ဘ်ကီ၏ နှုတ်ထွက်မှုနှင့် ပက်သက်၍ ချက်ချင်းလက်ငင်း မိန့်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ဒက်ဘ်ကီသည် ကွန်ဆာဗေးတစ်မီဒီယာ ဆက်ဆံရေးကုမ္ပဏီ Crossroads Media ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဂျေဆန်မေလာ၏ နေရာကိုအစားထိုး၍ လွန်ခဲ့သော မတ်လက စတင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒက်ဘ်ကီကို အလုပ်ပေးငှားရမ်းမှုသည် အိမ်ဖြူတော်၏ ပြန်ကြားရေးအကြီးအကဲဖြစ်သူ ရှောင်စပိုက်ဆာ၏ ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေခဲ့သည်။ ရှောင်စပိုက်ဆာသည် ဒက်ဘ်ကီကို မငှားရမ်းမီအချိန်အထိ ဆက်သွယ်ရေးဒါရိုက်တာရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly