နည်းပညာကျောင်းသူအား သတ်ပြီး အလောင်းစွန့်ပစ်ခဲ့သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်

နည်းပညာကျောင်းသူအား သတ်ပြီး အလောင်းစွန့်ပစ်ခဲ့သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်

ရန်ကုန်၊ မေလ ၃ဝ ။           ။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက အသက် ၂၂ နှစ်အရွယ် နည်းပညာတက္ကသိုလ်(မှော်ဘီ) တတိယနှစ်ကျောင်းသူ မမြတ်သင်းကြူ (ခ)မီးမီးအား သတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့်အမှုအတွက် ကျူးလွန်ခဲ့သူ သူထက်နိုင်(ခ)သူရအောင်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ကျခံစေရန် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ယနေ့ မေလ ၃ဝ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ အသတ်ခံရသူ မိန်းကလေးက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တိုးချဲ့ ၄ ရပ်ကွက် ပတ္တမြားလမ်းတွင် မိဘများနှင့်အတူနေထိုင်သူဖြစ်ပြီး၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် သူထက်နိုင်နှင့် ဖုန်းပြောဆိုခဲ့ပြီး ခဏနေပြန်လာမည်ဟု မိခင်အား ပြောဆိုကာ အိမ်နေအဝတ်အစားများဖြင့် အိမ်မှ ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် နေအိမ်ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ  ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းမှ အင်း စိန်မြို့နယ် ၁ဝ မိုင်ကုန်းအနီးရှိ အမှတ် ၃ဝ၁၇ လေကြောင်းကာကွယ်ရေးတပ်ခြံစည်းရိုးအတွင်း နဖူး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာချိုစောင်းသွေးခြေဥဒဏ်ရာတစ်ချက်၊ လည်ပင်းညိုမည်း ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆရာဝန်ဆေးစာအရ ဇန်နဝါရီ ၂၈ ရက်နံနက် ၅ နာရီခန့်တွင် အဆိုပါမိန်းကလေးသေဆုံး ခဲ့သည်ဟု သိရှိရပြီး စွပ်စွဲခံရသူ သူထက်နိုင်(ခ)သူရအောင်ကို ဇန်နဝါရီ ၂၉ ရက်တွင် မြောက်ဒဂုံ ၃၄ ရပ်ကွက် သခင်ဗလှိုင်လမ်းတွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါအမှုကို ဒုရဲအုပ်လှအောင်က တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်အမှုကြီးအမှတ် ၄ဝ/၁၆ ဖြင့် စစ်ဆေးလျက်ရှိရာ အမှုမှာတစ်နှစ်ကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly