မေလ ၂၉ ။ ။ ရန်ကုန်မြို့ ဝန်ကြီးများရုံးကို ပြတိုက်အဖြစ်ပြောင်းလဲမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရသော ကောင်စီအစည်းအဝေးအခန်းကို နဂိုမူလအတိုင်း ပြန်ပြုပြင်သွားမည်ဟု သိရသည်။
အဆိုပါ ကောင်စီအစည်းအဝေးခန်းကို လက်ရှိတွင် ဘုရားခန်းအဖြစ် ပြုပြင်ပြောင်းလဲထားပြီး လာမည့် ဇူလိုင်လ ၁၉ ရက်မတိုင်မီ ပြုပြင်နိုင်ရန်မျှော်မှန်းထားသည်ဟု ဆိုသည်။
သမိုင်းပညာရှင်များနှင့် ပြတိုက်ပညာရှင်များ တွေ့ဆုံပြီး ဝန်ကြီးများရုံးကို ပြတိုက်အဖြစ်ပြုပြင် ပြောင်းလဲဖို့ရန် အသေးစိတ်အချက်အလက်များ ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးများရုံး၊ အဆောင်အဦ ပြန်လည်ပြုပြင်ရာတွင် နည်းပညာအကြံပေးဖြစ်သော YHT ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က မေလ ၂၇ ရက်တွင် ပြောသည်။
"လွှတ်တော်အဆောက်အအုံနဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ကောင်စီအစည်းအဝေးခန်းကို ပြုပြင်မယ် ဆိုရင် ဘာတွေကို သတိထားရမလဲပေ့ါ။ ကျွန်မတို့က မူတွေ ချမှတ်ထားတာ ၁၀၀ ကျော်လောက် ရှိပါတယ်။ ပြတင်းကို ဘယ်လိုထိန်းမလဲပေ့ါ။ ကျဆုံးတဲ့အခန်းဆို ဘုရားခန်းလိုမျိုး နောက်ပိုင်းမှာ ပြုပြင်ထားတာတွေ ရှိပါတယ်။ ဒါကို ဘယ်လိုပြန်ပြောင်းမလဲပေ့ါ။ ဘုရားခန်းလိုပဲ ထားမလား။ အာဇာနည်မိသားစုဝင်တွေနဲ့ တော်တေ်ာများရဲ့ဆုံးဖြတ်ချက်အရ အရင်အတိုင်း အစည်းအဝေးခန်းလို ပြသမယ်ဆိုတဲ့အခါမှာ လက်ရှိပြင်ဆင်ထားတဲ့ဟာကို ပြန်ခွာဖို့တောင် ဘယ်လိုသတိပြုဖို့ပေ့ါ။ အကြံပေးချက်တွေ ပေးတာ၊ လမ်းညွန်ချက်တွေပေးထားတာ ရှိပါတယ်"ဟု YHT( Yangon Heritage Trust ) ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။
ဝန်ကြီးများရုံးကို ပြန်လည်ပြုပြင်သည့်အခါ ပညာရှင်များက အဆောက်အအုံကြံခိုင်မှုအပိုင်းအား နဂိုမူလအတိုင်းဖြစ်အောင် လုပ်ဆောင်ရသောအပိုင်းနှင့် အဆောက်အအုံ၏ သမိုင်းဝင်ဖြစ်တည်မှုများ၊ အဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုသည့်အချက်များကို ဖော်ပြသောအပိုင်းဆိုပြီး အပိုင်း၂ ပိုင်းခွဲထားကြောင်း သိရသည်။
“ သမိုင်းဝင်နေရာတွေကို ပြည်သူတွေ သိသင့်၊ ကြည့်ရှုသင့်တယ်”ဟု အဆိုပါပြင်ဆင်မှုတွင် ပါဝင်သော ရှေးဟောင်းအဆောက်အအုံ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှု ပြတိုက်ပညာရှင် မစ္စတာ Vinod Daniel က ပြောသည်။
လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မတိုင်ခင် ဝန်ကြီးများရုံးကို ပြုပြင်မှုများ လုပ်ဆောင်ရမည့် လွှတ်တော်အခန်းနှင့် ဗိုလ်ချုပ်နှင့်အာဇာနည်များ လုပ်ကြံခံခဲ့ရသော အခန်းကို ခိုင်ခံအောင်ပြုပြင်မှုတွေ လုပ်သွားမယ်ဟု မစ္စတာ Vinod Daniel က ဆက်ပြောသည်။