ပညာရေးဌာနမှ သိမ်းဆည်းခဲ့သည့် ယာမြေများ ပြန်စွန့်လွှတ်သင့်ကြောင်း တိုင်းအစိုးရက ထောက်ခံတင်ပြမည်

ပညာရေးဌာနမှ သိမ်းဆည်းခဲ့သည့် ယာမြေများ ပြန်စွန့်လွှတ်သင့်ကြောင်း တိုင်းအစိုးရက ထောက်ခံတင်ပြမည်

မကွေး  မေလ ၂၉ ။                  ။ ယခင်အစိုးရလက်ထက် ပညာရေးဝန်ကြီးဌာနက ပညာရေးကောလိပ်ကျောင်းမြေနေရာအတွက် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာမှ သိမ်းဆည်းခဲ့သည့်ယာမြေများကို ပြန်လည်စွန့်လွှတ်သင့်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပညာရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြပေးသွားမည်ဟု သိရသည်။

၁၉၈၈ ခုနှစ်တွင် ပညာရေးကောလိပ်ကျောင်းအတွက် သိမ်းဆည်းခဲ့သော အဆိုပါမြေများသည် ၁၀၃ ဧကကို လယ်ယာမြေမှ အခြားမြေသုံးစွဲခွင့် လန/၃၉ ရရှိခဲ့ပြီး၊   လျော်ကြေးငွေလည်း   ပေးအပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ဌာနမှ အသုံးမပြုဘဲ ကျန်နေသေးသည့် ယာမြေဧက ၆၀ ဝန်းကျင်အား တောင်သူများက ယနေ့ချိန်အထိ လုပ်ကိုင်နေဆဲ   ဖြစ်သောကြောင့်   ပြန်လည်စွန့်လွှတ်ရန်   တောင်းဆိုနေခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်က လယ်ယာမြေမှ အခြားမြေသုံးစွဲခွင့် လန/၃၉ ရရှိခဲ့သည်မှာလည်း ဥပဒေနှင့် အညီရခဲ့ခြင်းမဟုတ် ဟု မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်   ဒေါ်ခင်ချိုလတ်က   ပြောသည်။

"လန ၃၉ ကျတော့ ကျခဲ့တယ်။ဒါပေမယ့် သူက လန ၃၉ ချပေးခဲ့တဲ့ ဥပဒေနှင့်အညီ ချပေးခဲ့တာမဟုတ်ဘူး။ ဥပဒေနဲ့အညီ ဒါကို ယူခဲ့တာတော့ မဟုတ်ဘူး။ လန ၃၉ လျှောက်တဲ့အခါ တောင်သူတွေကို ကန့်ကွက်လွှာ ခေါ်ရမှာတို့ပေါ့။၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေအရလည်း သိမ်းဆည်းထားတဲ့ဌာနက ၆ လ အတွင်း လုပ်ငန်းအကောင်အထည်မဖော်ရင် ပြန်လည်စွန့််လွှတ်ရမယ်ဆိုတာရှိတယ် " ဟု ဒေါ်ခင်ချိုလတ်က ပြောသည်။

အသိမ်းဆည်းခံယာမြေများထဲတွင် ဌာနကအသုံးမပြုသည့် ယာမြေဧက ၆၀ ခန့်ကို တောင်းသူများက ယခင်က လုပ်ကိုင်ခွင့်အခကြေးငွေပေး လုပ်ကိုင်ခဲ့ရပြီး ယခုအစိုးရလက်တွင်   ငွေကြေး မပေးဆောင်ရဘဲ လုပ်ကိုင်ခွင့်ရရှိသည်ဟု အသိမ်းဆည်းခံတောင်သူများက ပြောပြချက်အရ သိရသည်။

“လိုအပ်လို့နိုင်ငံတော်အတွက်ဆိုရင် ကျွန်တော်တို့အသက်တွေလည်း ပေးရဲပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ သိမ်းထားတဲ့မြေကြီးကိုတော့ အလဟဿ မစွန့်နိုင်ဘူး။ သိတဲ့အတိုင်းပဲလေ ။ ကျွန်တော်တို့   တောင်သူတွေ ဆိုတာက နွားနဲ့ရုန်းကန်မှ စားရတဲ့ဘဝ။ ဌာနက အသုံးမပြုတဲ့ ယာမြေတွေကို ပြန်လိုချင်တယ်။ ကျွန်တော်တို့ ပိုင်ဆိုင်ကြောင်း ခိုင်ခိုင်မာမာဖြစ်ချင်တဲ့အတွက် ပုံစံ ၇ လည်း ရချင်တယ် " ဟု တောင်သူ ကိုကျော်ဇင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း မေလ ၂၇ ရက်နေ့က မကွေးမြို့နယ်၊မကြီးကန် ကျေးရွာ၊အေးစေတီဘုရားကျောင်းဓမ္မာရုံတွင် ပြူလုပ်ခဲ့သည့် အသိမ်းဆည်းခံ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် တောင်သူများအတွက် အမှန်တစ်ကယ်လိုအပ်သည့်အတွက်  ပြန်လည်စွန့်လွှတ်သင့်ကြောင်း ပညာရေးဝန်ကြီးဌာနသို့   ထောက်ခံ တင်ပြပေးသွားမည်ဟု ပြောကြားခဲ့သည်။

"လောလောဆယ်အားဖြင့် ဘာအဆောက်အအုံမှ မရှိတဲ့ယာတွေကို အစည်းအဝေးမှာ တင်ပြသွားမယ်။ တိုင်ဦးစီးနဲ့၊ တိုင်းထွေအုပ်နဲ့ ပြည်ထဲရေးနဲ့၊ ပညာရေးနဲ့ တိုင်ပင်ညှိနှိုင်းပြီး ၅ ဧကပါတဲ့သူက ၅ ဧက၊ ၃ ဧက ပါတဲ့သူက ၃ ဧက ခင်ဗျားတို့ စိတ်တိုင်းကျဖြစ်အောင် ကြိုးစားကြည့်မယ်။ ပုံစံ ၇ မရ ၊ ရအောင် ကြိုးစားပေးမယ်" ဟု ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းခရိုင်မြို့နယ် မြေစာရင်းဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် အသိမ်းဆည်းခံတောင်သူများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly