စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ကားတစ်စီးအပြည့်ဖမ်းမိ

စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ကားတစ်စီးအပြည့်ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ မေလ ၂၉ ။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်၊ ဟိုလီရွာ တရုတ်နယ်စပ်မှ တင်သွင်းလာသော စားသုံးရန်မသင့်သည့် စားသောက်ကုန်များအား ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ်ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

“ စားသုံးဖို့မသင့်တဲ့ ခေါက်ဆွဲခြောက်တွေရော၊ ကလေးတွေစားကြတဲ့ တရုတ်ထုတ်မုန့်တွေပါတာပေါ့။ ဒါတွေက အခွန်မဲ့သယ်လာတာဆိုတော့ တရားခံကို အရေးယူတာမရှိဘူးဗျ။ ကားကိုသိမ်းမယ်။ ပစ္စည်းကိုသိမ်းပြီး ဖျက်ဆီးမယ်။ လူကတော့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောက်ခွန်အနေနဲ့ အရေးယူတာမရှိဘူးဗျာ”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

သတင်းအရ မေလ ၂၉ ရက်၊ မနက် ၂ နာရီခွဲ အချိန်တွင် ဂိတ်မှ ဖြတ်သန်းသွားနေ သော ကားများကို စစ်ဆေးခဲ့ရာ ချင်းရွှေဟော်မြို့နယ်၊ ဟိုလီရွာ တရုတ်နယ်စပ်မှ တင်သွင်းလာသော စားသုံးရန်မသင့်သည့် စားသောက်ကုန်များကို ကားတစ်စီးအပြည့်ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူ အခွန်မဲ့ သယ်ဆောင်လာသည့် GI ပိုက် တန် ၃ဝ အား မေလ ၂၉ ရက်၊ မနက် ၂ နာရီတွင် ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စားသောက်ကုန်များနှင့် ပိုက်များအား လားရှိုးမြို့နယ် အကောက်ခွန်ဦးစီး ဌာနသို့ လွှဲအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly