အိန္ဒိယစစ်တပ်အကြီးအကဲက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့မည်

အိန္ဒိယစစ်တပ်အကြီးအကဲက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့မည်

နယူးဒေလီ၊ မေ ၂၉ ။              ။ အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ ယမန်နေ့ မေလ ၂၈ ရက်ကစလို့ မြန်မာနိုင်ငံကို လေးရက်တာအလည်အပတ်ခရီး ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ၎င်းရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယစစ်တပ်အကြီးအကဲဟာ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိနေပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနဲ့ အိန္ဒိယတို့အကြား နယ်စပ်တစ်လျှောက် ကီလိုမီတာ ၁,၆၄၀ ထိ ထိစပ်နေလျက်ရှိပါတယ်။

ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ ယခုခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံမှုတွေမှာတော့ နှစ်နိုင်ငံစစ်တပ်နှစ်ခုအကြား လုံခြုံရေးနဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာ တိုးမြင့်ချိတ်ဆက်ပူးပေါင်းသွားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားကြမယ်လို့ ယူဆရပါတယ်။

အိန္ဒိယစစ်တပ်အကြီးအကဲဟာ ၎င်းရဲ့ လေးရက်တာခရီးစဉ်အတွင်း နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန့်ပြောကြားဖို့ရှိနေပြီး ပြင်ဦးလွင်မှာ ရှိတဲ့ စစ်တက္ကသိုလ်ကိုလည်း သွားရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာလည်း ယမန်နှစ် သြဂုတ်လက အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသ လုံခြုံရေးအတွက်တိုးမြင့်ပူးပေါင်းသွားရေး သဘောတူညီခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly