ကျေးရွာပိုင်မြေနေရာတွင် ကျူးကျော်သည့် ရွာသား ၆ ဦးအား ထောင်တစ်လစီချ

ကျေးရွာပိုင်မြေနေရာတွင် ကျူးကျော်သည့် ရွာသား ၆ ဦးအား ထောင်တစ်လစီချ

ပေါက်တော၊ မေ ၂၇ ရက်။         ။ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာတွင် ကျေးရွာဥပစာမြေနေရာ၌ နေအိမ်များ ဆောက်လုပ်နေထိုင်သည့်အတွက် ရွာသား ၆ ဦးအား မြေနေရာကျူးကျော်မှုဖြင့်   မေလ ၂၆ ရက်နေ့က ထောင်တစ်လစီ ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါမြေနေရာမှာ ကျေးရွာအပြင်ဘက်တွင်ရှိသည့် ကျောင်းပိုင်မြေနေရာဖြစ်ပြီး ကျေးရွာတွင်းမှ မိသားစုပေါင်း ၄၈ ခုတို့မှာ နေအိမ်များဆောက်လုပ်နေထိုင်လျှက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြု တရားစွဲဆိုခဲ့သည့်အတွက် ဦးခင်ဦးမောင်အပါအဝင် ၆ ဦးကို ပေါတောမြို့နယ် တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်မတို့ ဆင်းရဲတဲ့မိသားစု ၄၈ စုဟာ နေစရာနေရာမရှိလို့ လွတ်နေတဲ့မြေတွေမှာ နေအိမ် ဆောက်နေကြတာပါ။ အဲဒီနေရာမှာ နေထိုင်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ခွင့်တောင်းခဲ့ပါတယ်။   နေခွင့်မပေးဘူး။ ဒါပေမယ့် ကျွန်မတို့ ၄၈ အိမ်က နေဖို့လိုတဲ့အတွက် အိမ်ဆောက်ပြီးနေခဲ့ကြတဲ့အတွက် အုပ်ချုပ်ရေးမှူးက တရားစွဲတာပါ။ ၆ ယောက်ကို ထောင်တစ်လစီ ချလိုက်ပါတယ် ”ဟု ဦးခင်ဦးမောင်၏ ဇနီး ဒေါ်ဦးဝင်းကြည်က ပြောသည်။

ယင်းနေရာတွင် နေအိမ်ဆောက်လုပ်နေသည့် ရွာသား ၄၈ ဦးအနက်မှ တရားစွဲဆိုခံရသည့် ၆ ဦးတို့အား မေလ ၁၆ ရက်နေ့က ရုံးတင်စစ်ဆေးကာ ယင်းနေ့တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly