အက်ဆစ်စက်ရုံ ရွေ့ပြောင်းပေးရန် ကံကုန်းဒေသခံများက တိုင်းဝန်ကြီးများထံ တင်ပြ

အက်ဆစ်စက်ရုံ ရွေ့ပြောင်းပေးရန် ကံကုန်းဒေသခံများက တိုင်းဝန်ကြီးများထံ တင်ပြ

မုံရွာ၊ မေ ၂၇။               ။ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံမှ အနံ့ဆိုးများထွက်သဖြင့် ရွှေ့ပြောင်းပေးရန် ကုံကုန်းကျေးရွာဒေသခံများက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများထံ တင်ပြခဲ့ကြသည်။

မေ ၂၇ ရက်က တိုင်းဒေသကြီးအဆင့် ဝန်ကြီးများဖြစ်သော စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊လယ်ဆည်ဝန်ကြီးဦးကမ်ဇာမှုံ၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း တို့နှင့်
ကံကုန်းကျေးရွာ စာသင်ကျောင်းအတွင်း တွေ့ဆုံရာ၌ ယင်းသို့ တင်ပြခဲ့ကြခြင်း
ဖြစ်သည်။

"ဒီအက်ဆစ်စက်ရုံဆီကနေ အနံ့တွေ ထွက်လာရင် ဒေသခံတွေ နေလို့မရဘူး။ နေရသလောက် နေကြပါသေးတယ်။ ဘယ်လိုမှနေမဖြစ်လို့တာ စက်ရုံရွှေ့ဖို့ တောင်းဆိုကြရတာပါ" ဟု ဒေသခံများက   ပြောသည်။

ယင်းသို့ ဒေသခံများ၏ တင်ပြမှုကို ပြည်ထောင်စုအဆင့်သို့ ဆက်လင်တင်ပြပေးသွားမည်ဖြစ်ပြီး မိမိတို့ ဝန်ကြီးများကလည်း မှတ်ချက်များရေးကာ တင်ပြပေးသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဒေသခံများကို ပြန်လည်ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အခုပဲ စက်ရုံဝင်းထဲကို ကြည့်ရှုခဲ့ပါတယ်။ စက်ရုံတာဝန်ရှိသူတွေကလည်း ဘာ့ကြောင့် အနံ့တွေထွက်လာတယ်ဆိုတာ ရှင်းပြတယ်။ ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့အကြောင်းအရာတွေကိုပါ ပူးတွဲတင်ပြပေးသွားပါ့မယ်" ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောခဲ့သည်။

ထို့နောက် မေ ၂၆ ရက်ညက ကံကုန်းရွာဒေသခံများမှ စက်ရုံရှေ့တွင် တာဝန်ယူဖြေရှင်းပေးရန် အတွက် သွားရောက်တောင်းဆိုခဲ့ကြရာ စက်ရုံမှူးက ဒေသခံများအား စာရေးတောင်းပန်ခဲ့ပြီး ယင်းစာကိုပါ ဝန်ကြီးများထံသို့ တင်ပြခဲ့သည်။

ကံကုန်းကျေးရွာဒေသခံများကိုယ်စား အက်ဆစ်စက်ရုံကြောင့် ဒေသခံများ၏ ခံစားနေရမှု၊ လူမှုဘဝအပြည့်အစုံကို ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ဆက်လက်တင်ပြခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly