ခရစ်ယာန်များ တိုက်ခိုက်ခံရ၍ တုံ့ပြန်သည့်အနေဖြင့် အီဂျစ်က လစ်ဗျားတွင် ဗုံးကြဲ

ခရစ်ယာန်များ တိုက်ခိုက်ခံရ၍ တုံ့ပြန်သည့်အနေဖြင့် အီဂျစ်က လစ်ဗျားတွင် ဗုံးကြဲ

ကိုင်ရို၊ မေ ၂၇ ။               ။ ခရစ်ယာန် ၂၈ ဦးအား သတ်ဖြတ်သည့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အီဂျစ်နိုင်ငံသည် တုံ့ပြန်ကာ လစ်ဗျားက အစ္စလာမ်မစ်စစ်သွေးကြွစခန်းကို စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း နိုင်ငံပိုင် MENA သတင်းအေဂျင်စီက မေ ၂၆ ရက်တွင် ဖော်ပြသည်။

လစ်ဗျားအရှေ့ပိုင်းက စစ်သွေးကြွစခန်းဝင်းတစ်ခုလုံး ယခုစီးနင်းတိုက်ခိုက်မှုကြောင့် လုံးလုံးပျက်စီးကြောင်း အမည်မဖော်သည့်အကြီးတန်းစစ်ရေးတာဝန်ရှိသူတစ်ဦးကို ကိုးကားကာ MENA သတင်းက ဖော်ပြသည်။

ဂျီဟတ်အုပပ်စုများ၏ အမာခံနယ်ဟုသိထားသော အစွန်းရောက်လေ့ကျင့်ရေးစခန်းကို အီဂျစ်စစ်လေယာဉ်မှူး လေယာဉ်များက ခေါက်တုံ့ခေါက်ပြန် ခြောက်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အစွန်းရောက်များကို အီဂျစ်အတွင်းနှင့် အပြင်မှ ရှင်းထုတ်သွားမည်ဟု ကြွေးကြော်ထားသော သမ္မတ စီစီ၏ ရုပ်မြင်သံကြားတွင် နိုင်ငံတော်မိန့်ခွန်းပြောဆိုပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် ယခုစီးနင်းမှုကို ဆင်နွှဲလိုက်ခြင်းလည်းဖြစ်သည်။

“ဒီကနေ့မှာ ဖြစ်ပွားတဲ့ အစွန်းရောက်တိုက်ခိုက်မှုကို ဒီတိုင်းမထားနိုင်ဘူး။ ခုလက်ရှိ ကျွန်တော်တို့ဟာ အစွန်းရောက်တွေ စစ်သင်တန်းလေ့ကျင့်နေရာ စခန်းတွေကို ပစ်မှတ်ထားထားပြီဖြစ်တယ်။”ဟု သမ္မတ စီစီက ဆိုသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တောင်ပိုင်းရှိ ဘုရားကျောင်းသို့ သွားကြသော ခရစ်ယာန်များ၏ ကားကို မျက်နှာဖုံးစွပ်လက်နက်ကိုင်များက မေ ၂၆ရက်တွင် တိုက်ခိုက်၍ ကလေးအများအပြားအပါအဝင် ၂၆ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ဆိုသည်။

ကိုင်ရိုမြို့တော်မှ မိုင် ၁၂၀ ခန့်ဝေးသည့် မင်ယာပြည်နယ်တွင်းက Saint Samuel ဘုရားကျောင်းသို့ သွားသည့် ဘတ်စ်ကားကို ပစ်ကပ်ကားသုံးစင်းပေါ်က ယင်းလက်နက်ကိုင်များက   တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာနှင့် ဧပြီလအတွင်း အိုင်အက်စ်အဖွဲ့က ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းကို ဗုံးခွဲတိုက်ခိုက်၍ ခရစ်ယာန်ဒါဇင်များစွာ သေဆုံးခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုသည်   နောက်ဆုံးထပ်မံ   ဖြစ်ပွားမှုဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags