အီဂျစ်တွင် ဘုရားကျောင်းသွားသည့် ခရစ်ယာန်များ စီးနင်းလာသော ကားကို မျက်နှာဖုံးစွပ်လက်နက်ကိုင်များ တိုက်ခိုက်၍ ၂၆ ဦး သေဆုံး

အီဂျစ်တွင် ဘုရားကျောင်းသွားသည့် ခရစ်ယာန်များ စီးနင်းလာသော ကားကို မျက်နှာဖုံးစွပ်လက်နက်ကိုင်များ တိုက်ခိုက်၍ ၂၆ ဦး သေဆုံး

ကိုင်ရို၊ မေ ၂၆ ။         ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တောင်ပိုင်းရှိ ဘုရားကျောင်းသို့ သွားကြသော ခရစ်ယာန်များ၏ ကားကို မျက်နှာဖုံးစွပ်လက်နက်ကိုင်များက မေ ၂၆ရက်တွင် တိုက်ခိုက်၍ ကလေးအများအပြားအပါအဝင် ၂၆ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ဆိုသည်။

ကိုင်ရိုမြို့တော်မှ မိုင် ၁၂၀ ခန့်ဝေးသည့် မင်ယာပြည်နယ်တွင်းက Saint Samuel ဘုရားကျောင်းသို့ သွားသည့် ဘတ်စ်ကားကို ပစ်ကပ်ကားသုံးစင်းပေါ်က ယင်းလက်နက်ကိုင်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာနှင့် ဧပြီလအတွင်း အိုင်အက်စ်အဖွဲ့က ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းကို ဗုံးခွဲတိုက်ခိုက်၍ ခရစ်ယာန်ဒါဇင်များစွာ သေဆုံးခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုသည်   နောက်ဆုံးထပ်မံဖြစ်ပွားမှုဖြစ်သည်။

နိုင်ငံပိုင်ရုပ်မြင်သံကြားက ထုတ်လွှင့်မှုတွင် ခရစ်ယာန်များ၏ ဘတ်စ်ကားမှာ စက်သေနတ်ကျည်များဖြင့် ဇကာပေါက်ဖြစ်နေသည်ကို မြင်တွေ့ရသည်။

သေဆုံးသူအများစုမှာ ကလေးငယ်များဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို နိုင်ငံပိုင်ရုပ်သံက ကိုးကားဖော်ပြသည်။

“သူတို့တွေက စက်သေနတ်တွေ သုံးပြီး တိုက်ခိုက်သွားတာဖြစ်တယ်။”ဟု မင်ယာပြည်နယ်အုပ်ချုပ်ရေးမှူး ဘီဒါဝီက နိုင်ငံပိုင်ရုပ်သံသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly