၇ မိုင်ချောင်းသာ

26 May 2017
၇ မိုင်ချောင်းသာ
ဓာတ်ပုံ - ကောင်းထက်စံ (မဇ္ဈိမ)

၇ မိုင်ချောင်းသာဆိုတာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ကိုသွားတဲ့ လမ်းမကြီးပေါ်က Toll Gate ကို မရောက်ခင် ညာဘက်ခြမ်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်းဆီသွားတဲ့ လမ်းမပေါ်မှာရှိပြီး ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှာ အပန်းဖြေကမ်းခြေတစ်ခုအဖြစ် ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီနေရာကို စတင်ခဲ့တာ ၃ နှစ်လောက်ရှိပေမယ့် ၇ မိုင်ချောင်းသာဆိုပြီး နာမည်ကြီးလာတာကတော့ လပိုင်းလောက်ပဲရှိပါသေးတယ်။

၇ မိုင်ချောင်းသာဆိုတဲ့နာမည်ကလည်း အလည်လာတဲ့သူတွေကပေးသွားတဲ့နာမည်ဖြစ်တယ်လို့ ၇ မိုင်ချောင်းသာ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

အဓိကကတော့ ဒီးဒုတ်ရေပြာအိုင်လိုနေရာတွေကနေ အပန်းဖြေခရီးထွက်သူတွေ အပြန်မှာ ဝင်ရောက်အနားယူစေချင်တဲ့ရည်ရွယ်ချက်လောက်က စတင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ခုချိန်မှာ ၇ မိုင်ချောင်းသာဟာ စည်ကားတဲ့နေရာတစ်ခု ဖြစ်လာပါပြီ။

၇ မိုင်ချောင်းသာကတော့ လုံခြုံရေးကို အထူးတင်းကြပ်ထားသလို လာရောက်ရေကစားသူတွေဟာ ခိုက်ရန်ဖြစ်ပွားလို့ မရပါဘူး။ အရက်သေစာမူးယစ်ပြီး အမျိုးသမီးတွေကို စနောက်တာတွေ၊ လာရောက်အပန်းဖြေသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်အပြုအမူကိုမဆို ခွင့်မပြုဘဲ ချက်ချင်းထွက်သွားဖို့အထိ ကြပ်မတ်တယ်လို့ သိရပါတယ်။

ဝန်ထမ်းပေါင်း ၂၄၀ ကျော်ခန့်ထားပြီး လုံခြုံရေးကို နေရာပြည့် အချိန်ပြည့် ကြပ်မတ်နေတာကို တွေ့ခဲ့ရပါတယ်။ လုံခြုံရေးကင်မရာ ၊ ဒရုန်းယာဉ်တွေနဲ့   ကောင်းကင်ကနေ   စောင့်ကြည့်မှုတွေ၊   ရေကစားသူတွေအတွက် အသက်ကယ်မော်တော်တွေက ကမ်းစပ်မှာ အချိန်ပြည့် လှည့်လည်ပေးနေတာပါ။ အမှိုက်တွေကို ၁ နာရီခြား ၁ကြိမ် ဝန်ထမ်းတွေက လှည့်လည် သိမ်းဆည်းပေးသလို   ရေကစားနေတဲ့နေရာတွေမှာ အမှိုက်ပစ်တာ၊ အဝတ်လျှော်တာအပြင် ရေနဲ့ ကမ်းခြေ ညစ်ညမ်းစေမယ့်လုပ်ရပ်တွေကို တားမြစ်ထားပါတယ်။

လူတစ်ဦးကို ဝင်ကြေး ကျပ် ၁ ထောင်သတ်မှတ်ထားပြီး ရေကစားဖို့ ဘောကွင်း၊ အသက်ကယ်အကျီ ၤတွေကို အခမဲ့ထုတ်ပေးပါတယ်။

ကလေးကစားကွင်း၊ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ထားရှိထားပါတယ်။ အပန်းဖြေဖို့ လာသူတွေကို အဓိက ဝန်ဆောင်မှုပေးတာဖြစ်လို့ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မည်သူမဆို   ငွေပြန်အမ်းပြီး   ပြန်လွှတ်တယ်လို့ သိရပါတယ်။

ကမ်းခြေဘေးမှာ ဆောက်ထားတဲ့ တဲတွေမှာ အခကြေးငွေပေးစရာမလိုဘဲ မည်သူမဆို အပန်းဖြေအနားယူနိုင်သလို အစားအသောက်တွေကိုလည်း မှာယူနိုင်ပါတယ်။

 

Mizzima Weekly