တိုင်းအစိုးရ ရောင်းချမည့် ကျောင်းကားများဝယ်ယူရေးမှာ အခက်အခဲရှိနေဟု ဆို

တိုင်းအစိုးရ ရောင်းချမည့် ကျောင်းကားများဝယ်ယူရေးမှာ အခက်အခဲရှိနေဟု ဆို

ရန်ကုန်   မေ   ၂၅ ။           ။ ရန်ကုန်တိုင်း၊ အစိုးရအဖွဲ့က ဝယ်ယူထားသည့် ကျောင်းကားများကို  ပြန်လည်ဝယ်ယူရာတွင် ဈေးနှုန်းပေးသွင်းနိုင်ရန် အခက်အခဲတစ်ချို့ ရှိနေသည်ဟု   ကျောင်းကားပြေးဆွဲသူများထံက သိရသည်။

အစိုးရက ပြန်လည်ရောင်းချမည့် ကျောင်းကားများသည် ၁ စီးကို မြန်မာငွေ ကျပ်သိန်း ၅၀၀ ဝန်းကျင် ကျသင့်မည်ဖြစ်ပြီး တစ်လ ကျပ်ငွေ ၁၀ သိန်းဝန်းကျင်ဖြင့် ၃ နှစ် အရစ်ကျပေးချေရမည်ဖြစ်သည့် အတွက် အဆင်မပြေနိုင်ဟု ဗိုလ်တထောင် အထက ၅ ကျောင်းကားကော်မတီဥက္ကဋ္ဌ ဦးစိုးသွင်အောင်က ပြော သည်။

"ကျွန်တော်တို့က ပုဂ္ဂလိကကျောင်း မဟုတ်ဘူး။ အများပိုင်ပုံစံဖြစ်ဖို့က အဲဒီလောက်ငွေကြေး ကျောင်းတွေမှာ မရှိဘူး။ ကျောင်းမှာရှိတဲ့ မိဘဆရာအသင်း၊ ကျောင်းကားပိုင်ရှင်တွေကလည်း အဲဒီငွေပမာဏကို မတတ်နိုင်ကြဘူး။ သူတို့စီးပွားရေးက ကုန်သည်သားသမီးရှိမယ်။ လက်လုပ်လက်စားတွေ ရှိမယ်။ အများပိုင်အနေနဲ့ကြတော့၊ နောက်ပြီး ကန့်သတ်ချက်တွေကလည်း ရှိသေးတယ်" ဟု ဦးစိုးသွင်အောင်က ပြောသည်။

ရန်ကုန်တိုင်း၊အစိုးရအဖွဲ့က စာသင်ကျောင်းများရှေ့ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန်နှင့် ကျောင်းသားကျောင်းသူများ လုံခြုံစိတ်ချမှုရှိရန်အတွက် လက်ရှိသုံးနေသည့် လိုက်ထရပ်ကဲ့သို့ ကာအးမျိုးအစားများကို တဖြည်းဖြည်းအစားထိုးပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။

အစိုးရက ကျောင်းကားအစီး ၂၀၀ ကို ကျောင်းပေါင်း ၂၂ ကျောင်း အတွက် အသုံးပြုသွားရန် ကျောင်းကားပြေးဆွဲသူများထံ ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။

"ကျောင်းကားကို ကျောင်းကားသီးသန့်ပဲဆွဲရမယ်ဆိုတော့ သူက တစ်လမှ တစ်ခါပဲ ငွေမြင်ရမှာလေ။ အဲဒါပြီးတော့ ၉ လဆွဲပြီး ၃ လကြာ နားဆိုတော့ စီးပွားရေးအရ သိပ်ပြီးတွက်ချေကိုက်မယ် မထင်ဘူး" ဟု ပုဇွန်တောင် အထက ၄ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သိန်းက ပြောသည်။

ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ယခင်ပြေးဆွဲသည့်ကျောင်းကားများ ဆက်လက်ပြေးဆွဲမည်ဆိုပါက YRTA သို့ တင်ပြရမည်ဖြစ်သည်။

"ဒီနေ့ ကလေးကို စပြီးကျောင်းအပ်တာပဲ၊ ကျောင်းကားအနေအထားတော့ ဘာမှပြောသံမကြားရဘူး။ ကျွန်မကတော့ ကလေးတွေ အဆင်ပြေစေချင်တာပဲ သိတယ်။ကျောင်းကားတွေ မလုံလောက်မှာဘဲ စိုးရိမ်တယ်" ဟု သာကေတမြို့နယ်မှ ကျောင်းသားမိဘဖြစ်သူ မကြည်ကြည်လှိုင်က ပြောသည်။

လက်ရှိ ပြေးဆွဲနေသည့် ကျောင်းကားခ ဈေးနှုန်းများအနေဖြင့် အနီးအဝေးအပေါ်  မူတည်ပြီး ကျပ်နှစ်သောင်းမှ သုံးသောင်း၊ လေးသောင်းအထိ အများဆုံး ကုန်ကျသည်ဟု ကျောင်းသားမိဘများ ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly