အကျဉ်းကျနေသော ကချင်စစ်ရှောင် ဦးလဖိုင်ဂမ် သမ္မတ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်

အကျဉ်းကျနေသော ကချင်စစ်ရှောင် ဦးလဖိုင်ဂမ် သမ္မတ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်

ချင်းမိုင်၊မေလ ၂၅  ။                ။ နိုင်ငံတော် သမ္မတက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကို ကြိုဆိုသောအားဖြင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း အကျဉ်းကျခံနေရသော ကချင်စစ်ရှောင်တစ်ဦးဖြစ်သူ ဦးလဖိုင်ဂမ် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

မေလ ၂၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင်အသက် ၆၀ နှစ် အရွယ် ဦးလဖိုင်ဂမ် ပါဝင်ခြင်း မရှိကြောင်း သူ၏ ရှေ့နေ ဦးဂျီမာခါးက သူ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

“လွတ်ငြိမ်းချမ်းသာခွင့် ဘယ်နှစ်ကြိမ်လာလည်း မပါ၊ မပါဆိုတော့ နောက်တစ်ကြိမ်တော့ ပါမှာပါဟု မျော်လင့်အားတင်းကာစောင့်မျော်လည်း ပါမလာဘူးဆိုတော့ စိတ်ထိခိုက်နေလောက်ပြီ”ဟု ဦးဂျီမာခါးက ရေးသားထားသည်။

လွတ်ငြိမ်းချမ်းသာခွင့် မရတဲ့ နိုင်ငံရေအကျဉ်းသား ဦးလဖိုင်ဂမ်သည် သူ၏ မိသားစုအား ထောင်ဝင်စာလာတွေ့ပေးရန်နှင့် ဖိနပ်မကောင်းတော့သဖြင့် ဖိနပ်တစ်ရန် ဝယ်လာပေးရန် မေလ ၂၄ ရက်နေ့က စကားပါးလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါးက ရေးသားထားသည်။

“အကျဉ်းထောင်မှာ ဆက်နေဖို့ မနည်းအားတင်းရမှာပါ။ မိသားစုကို မှာတယ်ဆိုတော့ တော်တော် စိတ်ထိခိုက်နေပုံရပါတယ်”ဟု ဆိုထားသည်။

ဦးလဖိုင်ဂမ်ကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇၊၁၊ ဖောက်ခွဲမှုတို့ အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ်နှစ်ပေါင်း ၂၀ နှစ်ချမှတ်ခံရပြီးနောက် နေပြည်တော် တရားလွှတ်တော်ချုပ်ထိ အယူခံ တက်ခဲ့သဖြင့် လက်ရှိ ဖောက်ခွဲမှုနှင့် မတရားအသင်း ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံနေဆဲ ဖြစ်သည်။

သူသည် အူကျရောဂါ၊ အစာအိမ်ရောဂါ ခံစားနေရသည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှ ဧပြီလအအထိ ၂ လကျော်ကြာ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ကာ လက်ရှိ မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေရသည်။

ပြီးခဲ့သည့် ဧပြီလက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ဦးလဖိုင်ဂမ်ကို လွတ်ပေးရန်နှင့် ဆေးဝါးကုသခွင့်ပေးရန် တောင်းဆိုခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာမှ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလုံနေသော ဦးလဖိုင်ဂမ်သည် သူ၏ သားသမီးများ၏ ကျောင်းစရိတ်ရှာရန် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်းရန် လိုက်ပါသွားရာမှ ဦးလဖိုင်ဂမ် အပါအဝင် ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့က KIA အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခဲ့ခြင်း ဖြစ်သည်။ သူ၏ အမှုတွဲဖက် ၂ ဦးလည်း လွှတ်မြောက်ခဲ့ပြီး ဖြစ်သည်။

၂၁ ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော် သမ္မတက နိုင်ငံရေးအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦး စုစုပေါင်း ၂၅၉ ဦးကို မေလ ၂၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly