နည်းပြဘဝတွင် အခက်ခဲဆုံးရာသီဟု မန်ယူနည်းပြ မော်ရင်ဟို ပြော

နည်းပြဘဝတွင် အခက်ခဲဆုံးရာသီဟု မန်ယူနည်းပြ မော်ရင်ဟို ပြော

မေ ၂၅၊ အင်္ဂလန် ။            ။ အေဂျက်ဇ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ကစားပြီးတဲ့နောက် မန်ယူနည်းပြမော်ရင်ဟိုက ဒီရာသီဟာ သူ့ရဲ့ဘဝမှာ အခက်ခဲဆုံးရာသီတစ်ခုလို့   ပြောဆိုလိုက်ပါတယ်။

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူအသင်းဟာ ပေါ့ဂ်ဘာနဲ့အမ်ခီတာရန်တို့ရဲ့သွင်းဂိုးတွေနဲ့ အေဂျက်ဇ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီမှာ ကွန်မြူနတီဒိုင်း၊ အင်္ဂလန်လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တာပါ။ ယူရိုပါလိဂ်ဖလားကို ရခဲ့တာကြောင့် မန်ယူအသင်းဟာ ဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ငါးသင်းမြောက်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

‘ကျွန်တော်အားလပ်ရက် အနားယူပါတော့မယ်။ ဘယ်ဘောလုံးသမားကိုမှ မတွေ့ချင်တော့သလို ဘယ်နိုင်ငံတကာခြေစမ်းပွဲကိုမှ လည်း မကြည့်ချင်တော့ပါဘူး။

ဒီရာသီမှာ ဆုဖလားသုံးခုရယူနိုင်ခဲ့ပါတယ်။ ကစားသမားတွေနဲ့အတူ တကယ်ကိုပျော်ရွှင်ရပါတယ်။ ကျွန်တော့်နည်းပြဘဝမှာ အခက်ခဲဆုံးရာသီတစ်ခုပါပဲ’ လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မကစားခင်တစ်ရက်က မန်ချက်စတာမြို့မှာအသေခံဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒါကြောင့် မန်ယူအသင်းသားတွေဟာ သေဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ယူရိုပါလိဂ်ဖလားကို ရရှိအောင် ကစားခဲ့ကြကြောင်း ကွင်းလယ်လူ ဟာရဲရားက ဆိုပါတယ်။

‘ဒီတစ်ပတ်ကတော့ ကျွန်တော်တို့အားလုံးအတွက် အရမ်းခက်ခဲတဲ့ အချိန်ကာလပါပဲ။ ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့ ဒီပွဲကို အနိုင်ကစားချင်ခဲ့ကြပါတယ်။ မန်ချက်စတာမြို့အတွက် ယူရိုပါလိဂ်ဖလားကို ကျွန်တော်တို့လိုချင်ခဲ့ကြပါတယ်။  ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာက ဝမ်းနည်းနေရသူတွေအတွက် ဖြေသိမ့်ရာတော့ ဖြစ်နိုင်ပါလိမ့်မယ်’ လို့ ဟာရဲရားက ဆိုခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly