ဘရာဇီးတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများက ၀န်ကြီးဌာနရုံးများကို ၀င်ရောက်မီးရှို့

ဘရာဇီးတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများက ၀န်ကြီးဌာနရုံးများကို ၀င်ရောက်မီးရှို့

မေ ၂၅ ။              ။ ဘရာဇီးတွင် သမ္မတ မိုက်ကယ်တီမာဦးဆောင်သည့် အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီး မေလ ၂၄ ရက်က မျက်နှာဖုံးစွပ် လူတစ်ချို့က အစိုးရပိုင် ရုံးအဆောက်အအုံများကို ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ယင်းနိုင်ငံ၌ အဂတိလိုက်စားထားသည်ဟု စွပ်စွံခံထားရသော သမ္မတမိုက်ကယ်တီမာကိုလည်း အမြန်ဆုံး ရာထူးကနေ နှုတ်ထွက်ပေးရေး တောင်းဆိုမှုများ ပိုမိုအရှိန်ရလာခဲ့ပြီးနောက် ယခုအခါ အခြေအနေမှာ ထိန်းမရသိမ်းမရ အဆင့်သို့ ဦးတည်နေခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဆန္ဒပြသူများကို ထိန်းသိမ်းရန်အတွက် မြို့တော်တွင်းရှိ အစိုးရအဆောက်အအုံများတွင် စစ်တပ်ကို တပ်ချထားလိုက်ပြီ ဖြစ်သည်။

" လောလောဆယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စစ်တပ်ကို ဖြန့်ကျက်ထားပြီးပါပြီ၊ တစ်ခြား နောက်ထပ် ဝန်ကြီးဌာန အဆောက်အအုံတွေကိုလည်း တပ်သားတွေ စေလွှတ်သွားပါမယ်" ဟု ကာကွယ်ရေးဝန်ကြီး ရောလ် ဂျန်မန်းက ပြောသည်။

အစိုးရနှုတ်ထွက်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲများတွင် ပါဝင်သူဦးရေ ၃၅,၀၀၀ ခန့်မှာ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ပြီးနောက် ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်အခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆန္ဒပြသူအများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း မျက်နှာဖုံးစွပ် လူနည်းစုများမှာ အစိုးရရုံးဌာနအဆောက်အအုံများတွင်းရှိ ဝန်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ခြင်း၊ စိုက်ပျိုးရေးဝန်ကြီးရုံးကို ဝင်စီးခြင်းတို့ ရှိခဲ့သည်ဟု သိရသည်။

စိုက်ပျိုးရေးဝန်ကြီးရုံးကို ဝင်ပြီး မီးရှို့ခဲ့ခြင်းကြောင့် ဝန်ထမ်းများ အလူးအလဲ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

လက်ရှိ ဆန္ဒပြမှုများမှာ မူလက တည်ငြိမ်အေးချမ်းခဲ့သော်လည်း ယခုအခါ အကြမ်းဖက်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ တိုက်ခိုက်လိုမှုအသွင်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက   ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly