PUMA Energy ကို ပြည်တွင်းတွင် စက်သုံးဆီရောင်းချရန် စတင်ခွင့်ပြု

PUMA Energy ကို ပြည်တွင်းတွင် စက်သုံးဆီရောင်းချရန် စတင်ခွင့်ပြု

မြန်မာနိုင်ငံတွင်း စက်သုံးဆီရောင်းချဖြန့် ဖြူးရန်နှင့် လက်လီအရောင်းလုပ်ငန်းလုပ်ကိုင်ရန် စင်ကာပူအခြေစိုက် PUMA Energy Myanamar ကုမ္ပဏီကို မေလ တတိယပတ်အတွင်း ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)က ပြောဆိုလိုက်သည်။

ယင်းမှာ မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်အတွင်း နိုင်ငံခြားကုမ္ပဏီများကို စတင်ဝင်ရောက်ခွင့်ပြုလိုက်ခြင်း လည်းဖြစ်သည်။

"ရောင်းဝယ်တယ်ဆိုတာ လက်ကားလည်းဖြစ်ချင်ဖြစ်မယ်။လက်လီလည်း ဖြစ်ချင်ဖြစ်မယ်။ သူ့ကို ကျွန်တော်တို့ကရောင်းချခွင့်ပေးလိုက်တာ။အရင်တုန်းကဆိုရင် သူက Storage (သိုလှောင်)ပဲလုပ်လို့ရတယ်"ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ရှင်းပြသည်။

နိုင်ငံတကာ ကုမ္ပဏီများ ပြည်တွင်းစက်သုံးဆီဈေးကွက်တွင်းသို့ ဝင်ရောက်လာပါက ဈေးကွက်တွင်းပိုမို ပြိုင်ဆိုင်မှုဖြစ်လာပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပြောဆိုသည်။

"သေချာတယ် နိုင်ငံတကာ Brand (အမှတ်တံဆိပ်)တစ်ခုအနေနဲ့က ဆီခိုးဖို့တော့ ခက်တာပေါ့။ တစ်လီတာဖြည့်ရင်တစ်လီတာတော့ရမှာပေါ့။ ဈေးနှုန်းအရလည်း နိုင်ငံတကာ Market ဈေးအရတော့ ဖြစ်နေမှာပဲ" ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

၂၀၁၇ ခုနစ်၊မတ်လအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြည်တွင်းစက်သုံးဆီလက်လီဈေးကွက်တွင်း နိုင်ငံခြားလုပ်ငန်းရှင်များကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးမည်ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်မှစ၍ ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်စတင်ခွင့်ပြုပေးခဲ့သည်။

လက်ရှိတွင် လက်လီအရောင်းဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိနေသည့် မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် အခြားနိုင်ငံခြား ကုမ္ပဏီကြီးများကလည်း ဆွေးနွေးမှုများပြုလုပ်လျက် ရှိသည်။

MIC ထံမှ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်ရသွားသည့် PUMA Energy ကုမ္ပဏီသည် ၂၀၁၅ ခုနစ်မှစတင်၍ ပြည်တွင်းတွင် လေယာဉ်ဆီ ဖြန့်ဖြူရောင်းချခြင်းလုပ်ငန်းကို   မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE) နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။

ထို့အတူ ယခုလဆန်းပိုင်းက သီလဝါဆိပ်ကမ်းတွင် ရေနံထွက်ပစ္စည်းများသိုလှောင်ရေးစခန်းတစ်ခုကိုလည်းဖွင့်လှစ်ခဲ့ပြီး ယင်းစခန်းအတွက် အမေရိကန်ဒေါ်လာ ၉၂ သန်း ရင်းနှီးမြှုပ်နှံထားပြီး PUMA Energy က ၈၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ Asia Sun Energy က၂၀ ရာခိုင်နှုန်း ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly