မြန်မာကလေးငယ်များအတွက် ယူနီဆက် မှ Child Alert အစီအစဉ် ပြုလုပ်

မြန်မာကလေးငယ်များအတွက် ယူနီဆက် မှ Child Alert အစီအစဉ် ပြုလုပ်

မေ ၂၄ ။              ။ မြန်မာနိုင်ငံ ရှိ ဝေးလံခေါင်ဖျားသော ဒေသများ နှင့် ပဋိပက္ခဒဏ်ခံရသည့် ဒေသများ မှ ကလေးသူငယ်များအတွက် ယူနီဆက် မှ Child Alert အစီအစဉ် တစ်ရပ်ကို ပြုလုပ်လျှက်ရှိပြီး ခန့်မှန်းခြေ ကလေးငယ်၂.၂သန်းခန့်အတွက် အထူးလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

”မြို့ပြမှာသာမက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကလေးသူငယ်လေးတွေအားလုံး နိုင်ငံတွင်း မြန်ဆန်စွာ တိုးတက်ပြောင်းလဲမှုရဲ့ ရလဒ်ကောင်းတွေကို ခံစားနိုင်ဖို့ဆိုတာ တကယ့် စိန်ခေါ်မှုတခုဖြစ်ပါတယ်။”ဟု ယူနီဆက်၏ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး ဂျက်(စ်)တင်ဖော်စိုင့်(သ်)က ပြောသည်။

ယူနီဆက်မှ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ကလေးငယ်၂.၂သန်းခန့်အတွက် လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးနိုင်ရေးနှင့် ကလေးစစ်သားစုဆောင်းခြင်းများ ရပ်တန့်သွားရန် အထူးလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော်အစိုးရမှ နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်း၊ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများတွင်ဘဏ္ဍာငွေမြှင့်တင်ပေး လျှက်ရှိသည်။

သို့ရာတွင် ထိုသို့ တိုးတက်ပြောင်းလဲမှုများ ရှိနေသော်လည်း ကလေးသူငယ် ၁၅၀ခန့်သည် ၎င်းတို့၏ ၅နှစ်မြောက်မွေးနေ့မတိုင်မီ နေ့စဉ်သေဆုံးလျက်ရှိနေပြီး အဆိုပါ အသက် ၅ နှစ်အောက် ကလေးအားလုံး၏ ၃၀ ရာခိုင်နှုန်းသည် သာမာန် သို့မဟုတ် အပြင်းအထန် အာဟာရချို့တဲ့မှုများ ခံစားနေရလျှက်ရှိသေးကြောင်း ယူနီဆက်က ဆိုသည်။

အထူးသဖြင့် လက်လှမ်းမီနိုင်ရန် ခက်ခဲလှသော ဝေးလံခေါင်ဖျားဒေသများမှ ကလေးသူငယ်များနှင့် ပဋိပက္ခကြား ပိတ်မိနေသော ကလေးသူငယ်များတွင် အဖြစ်များဆုံး ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များအပြင် နယ်စပ်များရှိ ပဋိပက္ခများကြားမှ  မိသားစုများမှာ ကာကွယ်စောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း ယူနီဆက်က ဆိုသည်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ ပြေလည်မှုမရှိသေးသည့် ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းနေခြင်းများကြောင့် ဟု ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ယူနီဆက်က ဆိုသည်။

 ယူနီဆက်သည်မိတ်ဖက်အဖွဲ့များနှင့် အတူ နိုင်ငံပေါင်း ၁၉၀ တွင် ကလေးသူငယ်များအတွက် ကတိကဝတ်ပြုမှုများကို လက်တွေ့တွင် ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်လုပ်ကိုင်နိုင်ရေး၊ ထိခိုက်လွယ်အားနည်းပြီး ချန်လှပ်ခံရသော ကလေးသူငယ်များအတွက် ကူညီပံ့ပိုးမှုများ လက်လှမ်းမီရောက်ရှိနိုင်ရေးနှင့် ဒေသတိုင်းရှိ ကလေးသူငယ်များအားလုံး တန်းတူအကျိုးကျေးဇူး ရရှိနိုင်ရေးအတွက်ကြိုးပမ်း လုပ်ဆောင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly