ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုနှင့် ဆာအဲလက်စ်ဖာဂူဆန်ဆုတို့ကို ချယ်လ်ဆီးနည်းပြ ကွန်တီ ရရှိ

ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုနှင့် ဆာအဲလက်စ်ဖာဂူဆန်ဆုတို့ကို ချယ်လ်ဆီးနည်းပြ ကွန်တီ ရရှိ

မေ ၂၃၊ အင်္ဂလန် ။          ။ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သောကြောင့် နည်းပြကွန်တီသည် ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။

ထို့အပြင် ကွန်တီသည် လိဂ်မန်နေဂျာအစည်းအရုံးက ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးနည်းပြဆု(ဆာအဲလက်စ် ဖာဂူဆန်ဆု)ကိုလည်း ရရှိခဲ့သည်။

လိဂ်မန်နေဂျာအစည်းအရုံး(LMA)က ပေးအပ်သည့် အကောင်းဆုံးဆုကို ယခုနှစ်တွင်မှ ဆာအဲလက်စ်ဖာဂူဆန်ဆုဟု အမည်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ မန်ယူအသင်းအားပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်အထိရယူပေးခဲ့ပြီး အောင်မြင်မှုများစွာ ရယူပေးခြ့သော ဖာဂူဆန်ကို ဂုဏ်ပြုသည့်အနေဖြင့် ဆာအဲလက်စ်ဖာဂူဆန်ဆုဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

၂၅ ကြိမ်မြောက် LMA ဆုပေးပွဲအခမ်းအနားကို ပြီးခဲ့သည့် တနင်္လာနေ့က ကျင်းပခဲ့ပြီး ကွန်တီက တက်ရောက်ဆုယူခဲ့သည်။ ယခုနှစ်တွင် ချယ်လ်ဆီးအသင်းသည် ကွန်တီ၏လက်အောက်၌ ပရီးမီးယားလိဂ် ပွဲ ၃၀ အနိုင်ရသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ၁၃ ပွဲဆက်တိုက် နိုင်ပွဲရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အာဆင်နယ်၏စံချိန်ကို လိုက်မီခဲ့သည်။ ချယ်လ်ဆီးအသင်းမှာ လာမည့်စနေနေ့တွင် အာဆင်နယ်နှင့် အက်ဖ်အေဖလားဗိုလ်လုပွဲကို ကစားရဦးမည် ဖြစ်သည်။

LMA က ပေးအပ်သည့် ချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုမူ ဘရိုက်တန်နည်းပြ ခရစ္စဟက်တန်က ရခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly