ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုပြီး လျှပ်စစ်ဓါတ်အားထုတ်ရေး မြန်မာတွင် ရာနှုန်းပြည့်ဖြစ်နိုင်ချေရှိ

ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုပြီး လျှပ်စစ်ဓါတ်အားထုတ်ရေး မြန်မာတွင် ရာနှုန်းပြည့်ဖြစ်နိုင်ချေရှိ

ရန်ကုန်၊ မေ ၂၂ ။            ။ မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ရာနှုန်းပြည့် ဖြစ်နိုင်ချေရှိကြောင်း World Wildlife Fund (WWF)မှ ထုတ်ပြန်သော   မြန်မာ့လျှပ်စစ် အနာဂတ်မျှော်မှန်းချက်စာတမ်းမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ ရာသီဥတုပုံစံ၊ အီကွေတာမှာ ကျရောက်နေတဲ့အနေထား၊ လေတိုက်အားနဲ့ နေရောင်ခြည် ရရှိမှုတွေက မုတ်သုံရာသီဥတုရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဖြစ်ကို ဖြစ်နိုင်တယ်” ဟု WWF မှ စွမ်းအင်ကဏ္ဍဆိုင်ရာ မန်နေဂျာကိုရွှန်းစိုဦးက ပြောသည်။

WWF သည် တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆိုင်ရာအချက်အလက်များကို လေ့လာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က မြန်မာ့လျှပ်စစ် အနာဂတ်မျှော်မှန်းချက်စာတမ်း (Myanmar’s Electricity Vision) ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြန်ပြည့်မြဲစွမ်းအင်များတွင် နေရောင်ခြည်စွမ်းအင်(ဆိုလာ)၊ လေစွမ်းအင်၊ ဆည်ဆောက်ရန် မလိုသော အသေးစားရေအားလျှပ်စစ်၊ ပင်လယ်ထွက်စွမ်းအင်၊ ဇီဝလောင်စာနှင့် ဘူမိအပူတို့ ပါဝင်ပြီး ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သော နေအား(ဆိုလာ)နှင့် လေအားလျှပ်စစ်ထုတ်ယူရန်မှာ ၈လမှ ၂ နှစ် အထိ ကြာမြင့်နိင်ကြောင်း သိရသည်။

“အခုက ပြည်သူတွေက လျှပ်စစ်ကိုအမြန်လိုတယ်၊ ရေအားလျှပ်စစ်တစ်ခုလုပ်ရင် ၈နှစ်လောက်နေမှ လျှပ်စစ် စ ရတယ်။ ဂတ်စ်ပရောဂျက်ဆို ၄ နှစ်ကနေ ၆ နှစ်၊ အဲ့လိုဖြစ်တဲ့အခါ ရေရှည်အတွက်လည်း စီစဉ်ကြပါ၊ ရေတိုအတွက်ဆိုရင်တော့ အကောင်းဆုံးက ပြန်ပြည့်မြဲစွမ်းအင်တွေပဲ၊ အဓိကဆိုရင် လေအားနဲ့နေအားနဲ့ပဲ” ဟု ကိုရွှန်းစိုဦးက ပြောသည်။

တိုင်းတာချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းခြောက်သွေ့ဧရိယာများသည် တစ်နှစ်ပတ်လုံး နေရောင်ခြည်ရရှိမှု မြင့်မားပြီး၊ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့မှာ လေအားလျှပ်စစ်ထုတ်ယူရန် အကောင်းဆုံးနေရာဒေသများဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်မှ ကူညီရေးဆွဲပေးထားသော မြန်မာနိုင်ငံစွမ်းအင်ဆိုင်ရာမူဝါဒတွင် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓါတ်ငွေ့(ဂတ်စ်)နှင့်ရေအားလျှပ်စစ်တို့မှ စုစုပေါင်းလျှပ်စစ်ထုတ်ယူနိုင်မည့်ရာခိုင်နှုန်း၏ ၇၀ ရာခိုင်နှုန်းထုတ်ယူရန် မျှော်မှန်းထားသည်။ လာမည့် ၂၀၅၀ ခုနှစ်တွင် ရေအားလျှပ်စစ်စီမံကိန်းများမှ ၃၈ရာခိုင်နှုန်းအထိ ထုတ်ယူနိုင်မည်ဟု ဖော်ပြထားသည်။

သို့သော် တိုင်းရင်းသားဒေသများတွင် အကြီးစားရေအားလျှပ်စစ်တည်ဆောက်ရန် အကောင်ထည်ဖော်မှုများကို ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရပ်ရွာလူထုကိုယ်တိုင်က စီမံခန့်ခွဲသော မီးအိမ်တိုင်ရရှိရေးကို အကောင် ထည်ဖော်နေသည့် KESAN အဖွဲ့မှ ကရင်ပြည်နယ်၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကွီးလေးဖြာကျေးရွာတွင် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သော အသေးစားရေအားလျှပ်စစ်ထုတ်ယူသောစနစ်တစ်ခုကိုတည်ဆောက်ထားပြီး ကျေးရွာစာသင်ကျောင်းအတွက် လျှပ်စစ်မီးထောက်ပံ့ပေးနေခြင်းများရှိသည်။

ပြန်ပြည့်မြဲစွမ်းအင်များကို အသုံးပြုကာရပ်ရွာလူထုကိုယ်တိုင်က လျှပ်စစ်ထုတ်လုပ်စီမံနိုင်ကြောင်း အသိပညာပေးမှုများကို ပြုလုပ်နေသည်လည်း ဖြစ်သည်။ ပြန်ပြည့်မြဲစွမ်းအင်ဆိုသည်မှာ ထုတ်ယူသုံးစွဲသော်လည်း ကုန်ခမ်းခြင်းမရှိသော စွမ်းအင်များဖြစ်ပြီး နေ၊ လေ ၊ ရေ တို့ စွမ်းအင်များ ပါဝင်ကာ သဘာဝဓာတ်ငွေ့၊ ရေနံကဲ့သို့ စွမ်းအင်ထုတ်ယူသည့်အရာများမှာ ကုန်ဆုံးသွားပါက ပြန်လည်ပြည့်ရန် မဖြစ်နိုင်ချေ။

“အစိုးရရဲ့ စွမ်းအင်ဆိုင်ရာမဟာစီမံကိန်းတွေအားလုံးက စာမူကြမ်းအဆင့်မှာပဲ ရှိသေးတယ်၊ ဒါကြောင့် ကျောက်မီးသွေးနဲ့ ဂတ်စ်ကိုများ များသွားမလား၊ ပြန်ပြည့်မြဲစွမ်းအင်ကို အများဆုံးသွားမလားဆိုတာတော့ အခုလို ပြန်လည်ပြင်ဆင်နေတဲ့အချိန်မှာ ပြန်စဉ်းစားသင့်တာပေါ့” ဟုကိုရွှန်းစိုဦးကဆက်ပြောသည်။

ပြန်ပြည့်မြဲစွမ်းအင်များကို အလှည့်ကျသုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရပ်ရွာလူထုကို ထိခိုက်စေသောအကြီးစားလျှပ်စစ်စီမံကိန်းများကိုလျှော့ချနိုင်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly