ထုံးဘိုမြို့တွင် လေပြင်းတိုက်၍ ဘုရားဖူးယာဉ်သုံးစီးပေါ်သစ်ပင်လဲကျကာ လူနှစ်ဦးဒဏ်ရာရ

ထုံးဘိုမြို့တွင် လေပြင်းတိုက်၍ ဘုရားဖူးယာဉ်သုံးစီးပေါ်သစ်ပင်လဲကျကာ လူနှစ်ဦးဒဏ်ရာရ
ဓါတ်ပုံ-Shwemin Thar  facebook

ပြည်၊ မေ ၂၁ ။           ။ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ တွင် မေလ ၂၀ ရက် နေ့လည် ၃ နာရီခွဲအချိန်က မိုးရွာသွန်းကာ လေပြင်းတိုက်ပြီး ဘုရားဖူးယာဉ်သုံးစီးပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း ထုံးဘိုမြို့ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ ၁၅း၁၀ လောက်မှာ မိုးရွာတော့လေလေးနည်းနည်းပါတာပေါ့။ ထုံးဘိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးထောင့် က စိန်ပန်းပင်ကြီးလဲကျသွားပြီး ဘုရားဖူးလာတဲ့ယာဉ်သုံးစီပေါ်ပိသွားတယ်”ဟု ထုံးဘိုမြို့၊ ရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းထွဋ်က ပြောသည်။

ထုံးဘိုမြို့နယ်၊ ကမ်းနားလမ်း အကောက်တောင် ဘုရားဖူးယာဉ်ရပ်နားစခန်း အနီးရှိစိန်ပန်းပင်အိုကြီး သည် ပင်စည်အမြစ်မှ ပြိုလဲကျခဲ့ပြီး ဘုရားဖူးယာဉ်များပေါ်သို့ ကိုင်းဖျားကိုင်းနားများ ပိကျခဲ့ခြင်းဖြစ်သည်။

သစ်ပင်လဲကျမှုကြောင့် အိမ်စီးကား နှစ်စီး ၊ TEXI ကားတစ်စီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည်။ အမျိုးသားတစ်ဦးအမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီး နှင့် ထုံးဘိုမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ပန်းတောင်းမြို့နယ်အုပ်ချုပ် ရေးမှူးဦးကျော်ဆွေ နှင့် ထုံးဘိုအုပ်ချူပ်ရေးမှူးတို့ လာရောက်ခဲ့ပြီး ရဲ ၊ မီးသတ်နှင့် ဒေသခံပြည်သူများက သစ်ကိုင်းများရှင်းလင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly