လစ်ဗျားကမ်းလွန်တွင် တစ်နေ့တည်း ရွှေ့ပြောင်းဝင်ရောက်သူ နှစ်ထောင်ကျော်ကို ကယ်တင်

လစ်ဗျားကမ်းလွန်တွင် တစ်နေ့တည်း ရွှေ့ပြောင်းဝင်ရောက်သူ နှစ်ထောင်ကျော်ကို ကယ်တင်

ရောမ၊ မေ ၂၁ ။               ။ လစ်ဗျားကမ်းလွန်တွင် မေ ၁၉ ရက်က လေဒဏ်လှိုင်းဒဏ် ခံနိုင်ရုံမျှသာ ရှိသော လှေသင်္ဘောများဖြင့် ဝင်ရောက်လာသည့် ရွှေ့ပြောင်းသူ ၂၃၀၀ ခန့်ကို ကယ်တင်ခဲ့ရကြောင်း အီတလီကမ်းခြေစောင့်အဖွဲ့က ပြောသည်။

ကမ်းခြေစောင့်တပ်နှင့် စစ်ရေယာဉ်များနှင့်အတူ လူသားချင်းစာနာထောက်ထားရေးအဖွဲ့များက သွားရောက်ကယ်တင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းရွှေ့ပြောင်းသူများက သစ်သားလှေ ဆယ်စီးနှင့် ရော်ဘာလှေ ၁၂ စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။

“မြေထဲပင်လယ်မှာ ကယ်တင်ခဲ့ရတာပါ။ ရွှေ့ပြောင်းဝင်ရောက်သူ ၂၃၀၀ လောက်ရှိပါတယ်။”ဟု ကမ်းခြေစောင့်တပ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူမှုကူညီပေးရေးအဖွဲ့တစ်ဖွဲ့၏ စင်းလုံးငှားရေယာဉ်ပေါ် ကယ်တင်လာသူပေါင်းက ၇၇၀ ရှိရာတွင် အများစုက ကလေးငယ်များဖြစ်ပြီး ခြောက်ပတ်သားအရွက် ကလေးတစ်ဦးပင်ပါကြောင်း ဆိုသည်။

ယခုကယ်တင်နိုင်မှု မတိုင်မီ ယခုနှစ်အတွင်း အီတလီကမ်းခြေသို့ ရောက်ရှိသည့် ရွှေ့ပြောင်းဝင်ရောက်သူပေါင်းမှာ ၄၆၀၀၀ နီးပါးရှိပြီး ပြီးခဲ့သည့် အလားတူကာလကထက် သုံးပုံတစ်ပုံ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသို့အန္တရာယ်များသော ခရီးဖြင့် ရွှေ့ပြောင်းဝင်ရောက်သူများတွင် သေဆုံးသူဦးရေသည် ၁၂၂၉ ဦးရှိပြီး ကယ်ဆယ်နိုင်သူ ၃၉ ဦးလျှင် တစ်ဦးနှုန်း သေဆုံးခြင်းဖြစ်ကြောင်း   ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly