၂၀၂၂ ကမ္ဘာ့ဖလားကျင်းပမည့် ကွင်းများထဲမှ ပထမဆုံးတစ်ကွင်းကို ဖွင့်ပွဲပြုလုပ်

၂၀၂၂ ကမ္ဘာ့ဖလားကျင်းပမည့် ကွင်းများထဲမှ ပထမဆုံးတစ်ကွင်းကို ဖွင့်ပွဲပြုလုပ်

မေ ၂၀၊ ကာတာ ။               ။ ကာတာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့်ကွင်းများထဲမှ ပထမဆုံးကွင်းတစ်ကွင်းကို ဖွင့်ပွဲပြုလုပ်လိုက်ပြီ ဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ငါးနှစ်လိုသေးသော်လည်း ကာတာနိုင်ငံအနေဖြင့် ပထမဆုံးပြိုင်ကွင်းတစ်ကွင်းကို ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် ခါလီဖာကွင်းသည် ဒိုဟာမြို့တွင်တည်ရှိပြီး ပရိသတ်လေးသောင်းဝင်ဆံ့သည့်ကွင်းဖြစ်သည်။

ခါလီဖာကွင်းဖွင့်ပွဲကို အယ်ဆတ်နှင့် အယ်ရေယန်တို့၏ 2017 Emir Cup ဗိုလ်လုပွဲနှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်း ဇာဗီပါဝင်သည့် အယ်ဆတ်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒုတိယမြောက် ပြည်တွင်းချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့သည်။

ခါလီဖာကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိ ကျင်းပမည့်ကွင်းဖြစ်သည်။ ကာတာနိုင်ငံ၏အပူချိန်ကို ခံနိုင်ရန် စီစဉ်ထားပြီး ကွင်းအတွင်းညအခါကစားပါက အပူချိန်မှာ 20  ံC သာ ရှိမည် ဖြစ်သည်။ ပြင်ပအပူချိန်ထက် ၄၀ ရာခိုင်နှုန်း အပူသက်သာမည် ဖြစ်သည်။

ဂျာမန်နှင့်အီတလီထုတ် ကွေးနိုင်၊ ဆန့်နိုင်သော အလေးချိန် မက်ထရစ်တန် ၄၀၀၀ ရှိ မှန်ကူကွက်အမိုးဖြင့်လည်း တစ်ကွင်းလုံးကို ဖုံးအုပ်ထားသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် LED အလင်းရောင်ကို အသုံးပြုမည့် ပထမဆုံးကွင်းလည်း ဖြစ်သည်။ ပြင်ပသဘာဝအလင်းနှင့် ထိန်းညှိပေးမည်လည်း ဖြစ်သည်။

ခါလီဖာကွင်းဖွင့်ပွဲအခမ်းအနားသို့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကိုယ်တိုင်တက်ရောက်ခဲ့ပြီး ချီးကျူးစကားဆိုခဲ့သည်။ ကာတာနိုင်ငံအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားကို ခမ်းနားစွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း အင်ဖန်တီနိုက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly