ရွာမကျေးရွာတွင် လေပြင်းတိုက်မှုကြောင့် နေအိမ် ၄လုံးပျက်စီးကာ လူ တစ်ဦးသေဆုံး

ရွာမကျေးရွာတွင် လေပြင်းတိုက်မှုကြောင့် နေအိမ် ၄လုံးပျက်စီးကာ လူ တစ်ဦးသေဆုံး

ပြည်၊ မေ ၂၀ ။           ။

ပဲခူးတိုင်း ပြည်ခရိုင် ၊ ပြည်မြို့၊ ဝက်ထီးကန် ကျေးရွာအုပ်စု ရွာမကျေးရွာတွင် မေလ ၁၉ ရက်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

''လူသေသွားတဲ့အိမ်က လုံးလုံးကို ပြိုသွားတယ်။ ကျန်တဲ့အိမ်တွေက အမိုးလန်ပျက်စီးတယ်"ဟု ဝက်ထီးကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောသည်။

ထိုနေ့ မေလ ၁၉ရက်၊ ညနေ ၆နာရီခွဲခန့်က လေပြင်းတိုက်မှုဖြစ်ခဲ့ပြီး ၂ထပ်နေအိမ်တစ်လုံး ပြိုကျခဲ့ရာ နေအိမ်တွင်းရှိနေသူ အသက် ၆၂ နှစ်အရွယ် ဦးတင်ဝင်း နှင့် သားဖြစ်သူ ကိုဇေယျာငြိမ်းတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဦးတင်ဝင်းမှာ နာတာရှည်ရောဂါသည်တစ်ဦးဖြစ်ပြီး အိမ်ပိသည့် ဝေဒနာများကြောင့် ည ၁၁ နာရီတွင် သေဆုံးသွားခဲ့သည်။ အလားတူ ကိုဇေယျာလင်းသည်လည်း ခါးနာဒဏ်ရာ ရရှိခဲ့ပြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ ခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။

မေလ ၂၀ ရက် မနက်ပိုင်းက ၎င်းကျေးရွာသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ထမ်းများ နှင့် ပြည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် တို့ လာရောက်ခဲ့ပြီး ထောက်ပံ့ကြေးငွေများပေးအပ်ခြင်း ၊ ပျက်စီးဆုံးရှုံးစာရင်းမှတ်တမ်းများရယူခြင်းများ ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly