ဂျပန်တော်ဝင်မင်းသမီးက ထီးမွေနန်းလျာစွန့်လွှတ်ကာ အရပ်သားနှင့် လက်ထပ်ထိမ်းမြားမည်

ဂျပန်တော်ဝင်မင်းသမီးက ထီးမွေနန်းလျာစွန့်လွှတ်ကာ အရပ်သားနှင့် လက်ထပ်ထိမ်းမြားမည်

တိုကျို၊ မေ ၁၈ ။             ။ ဂျပန် နန်းမျိုးနန်းနွယ် တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သည့် မင်းသမီး မာကိုသည် သာမန်အရပ်သားတစ်ဦးနှင့် လက်ထပ်တော့မည်ဖြစ်၍ တော်ဝင်အရိုက်အရာကို စွန့်လွှတ်သည်။

ဘုရင်ဧကရာဇ်မင်းမြတ် အကီဟီတို၏ မြေးတော်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မင်းသမီးမာကိုက ပညာသင်ကြားစဉ်ကာလက တွေ့ဆုံခဲ့သော ၎င်းနှင့် သက်တူရွယ်တူ ရုပ်ရှင်လုပ်ငန်းလုပ်သည့် ကီကိုမိုမူရိုနှင့် စေ့စပ်ကြောင်းလမ်းတော့မည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ နန်းစဉ်ဥပဒေအရ သာမန်အရပ်သားနှင့် လက်ထပ်အိမ်ထောင်ပြုသူ မင်းသမီးတစ်ပါးအနေဖြင့် တော်ဝင်မိသားစုမှ စွန့်ခွာရမည်ဖြစ်သည်။

ဘုရင်မင်းမြတ်အနေဖြင့်လည်း မကြာမီနန်းစွန့်တော့မည့် အလားအလာရှိနေရာ တော်ဝင်အရိုက်အရာ ဆက်ခံမှုနှင့် ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုများ ပေါ်ပေါက်လာရတော့မည်ဖြစ်သည်။

မင်းသမီးမာကိုနှင့် ကိုမူရိုတို့နှစ်ဦးသည် ၂၀၁၂ ခုနှစ်အတွင်းက တိုကျိုရှိ International Christian University တွင် ပညာသင်ကြားစဉ်ကာလ စားသောက်ဆိုင်တစ်ဆိုင်တွင် စတင်ဆုံဆည်းခဲ့ကြခြင်းဖြစ်သည်။

တော်ဝင်မင်းသမီး၏ စေ့စပ်ကြောင်းလမ်းပွဲကို စီစဉ်လျက်ရှိနေပြီဟု ဘုရင့်နန်းတော်ရာက ဌာနေသတင်းများသို့ ပြောသည်။

ခန်းဝင်လက်ဆောင်များ ပေးအပ်လဲလှယ်သည့် အခမ်းအနားကျင်းပပြီးနောက် စေ့စပ်ပွဲကို တရားဝင်ကျင်းပရလိမ့်မည်ဖြစ်သည်ဟု ဌာနေမီဒီယာများက ဖော်ပြသည်။

စေ့စပ်ပွဲအစီအစဉ်နှင့် ပတ်သက်ပြီး မင်းသမီးအား မေ ၁၇ ရက်က မေးမြန်းကြရာတွင် “ခုချိန်က ထင်မြင်ချက်ပေး ဖြေကြားဖို့ အချိန်မဟုတ်သေးလို့ပါ။ ဒါပေမယ့် သင့်တော်တဲ့ အချိန်မှာ ကျွန်မ ပြောလိုပါတယ်။”ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly