သံအဆိပ်လူးမြှားမှန် တောဆင်ရိုင်းတစ်ကောင်အား သစ်တောဦးစီးက ဆေးကုသပေးခဲ့

သံအဆိပ်လူးမြှားမှန် တောဆင်ရိုင်းတစ်ကောင်အား သစ်တောဦးစီးက ဆေးကုသပေးခဲ့
ဓာတ်ပုံ-သစ်တောဦးစီးဌာန
 

ရန်ကုန်၊ မေလ ၁၈ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းတကူးကျေးရွာအနီးတွင် သံအဆိပ်လူးမြှား ထိမှန်ထားသည့်ဒဏ်ရာနှင့် အခြားဒဏ်ရာများရရှိထားသည့် တောဆင်ရိုင်းတစ်ကောင်အား သစ်တောဦးစီးဌာနမှ ဆေးကုသမှုပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ တောင်ဆင်ရိုင်း၏ ညာဘက်တင်ပါးတွင် ဒဏ်ရာနှစ်ချက်၊ ညာလက်တွင် ဒဏ်ရာတစ်ချက်နှင့် ညာ ဘက်တင်ပါးတွင် (၆) လက်မခန့်ရှိ သစ်သားချောင်းဖြင့်တွဲလျက် သံအဆိပ်လူးမြှားဒဏ်ရာတို့ တွေ့ရှိခဲ့သည်ဟု သစ်တောဦးစီးဌာနမှ မေလ ၁၈ ရက်တွင်သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၁ဝ ရက်နေ့က ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းတကူးကျေးရွာ၊ အနောက် မြောက် ဘက် တစ်မိုင်ခွဲ ခန့်အကွာတွင် တောဆင်ရိုင်း(၁)ကောင် ဒဏ်ရာများဖြင့်တွေ့ရှိရကြောင်း သတင်းအရ သပိတ်ကျင်းမြို့နယ်သစ်တောဦးစီးဌာန၊ ရွေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူများအပါအဝင် ရဲတပ်ဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့မှ ကွင်းဆင်းရှာဖွေခဲ့ခြင်းဖြစ်သည်။

မေလ ၁၂ ရက်၊ မနက် ၁ဝ နာရီကျော် အချိန်ခန့်တွင် အဆိုပါ တောဆင်ရိုင်းအားတွေ့ရှိခဲ့ပြီး မြန်မာ့သစ်လုပ်ငန်းမှ ကွန်ဂျီဆင်သုံးကောင်ဖြင့် ဆင်သွားရာ လမ်းတစ်လျှောက် ထိန်းချုပ်ခေါ်ဆောင်လာကာ   တောဆင်ရိုင်းအား မေ့ဆေးသေနတ်အသုံးပြုပြီး ဆေးကုသမှု ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆေးကုသပေးခဲ့သည့် ဒဏ်ရာရတောဆင်ရိုင်းကို တောထဲသို့ ပြန်လွှတ်ပေးခဲ့ပြီး ယင်းဆင်အား ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူ တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် သက်ဆိုင်ရာဌာနများက စုံးစမ်းစစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly