ကိုလံဘီယာ သင်္ဘောကျင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ၆ ဦးသေဆုံး

ကိုလံဘီယာ သင်္ဘောကျင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ၆ ဦးသေဆုံး

 မေ ၁၈ ။             ။ ကိုလံဘီယာနိုင်ငံရှိ သင်္ဘောကျင်းတစ်ခုတွင် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် လူ ၆ ဦးသေ ဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ပေါက်ကွဲမှုများသည် ကာရေဘီယံဆိပ်ကမ်း ကာတာဂျီနာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲများက အဆိုပါဖြစ်ရပ်သည် မတော်တဆဖြစ်မှုလား အကြမ်းဖက်တိုက်ခိုက်ခံရမှုလား ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း အေအက်ဖ်ပီမှ အစီရင်ခံခဲ့သည်။

“ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ထဲက ၂ ခုက တစ်နေရာတည်းမှာ ဖြစ်ပွားခဲ့တာပါ” ဟု ဒေသတွင်း မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောခဲ့သည်။

ပေါက်ကွဲမှု ၂ ခုသည် သင်္ဘောတည်ဆောက်သည့် အမေရိကန်ပိုင် အက်စ်တီဗစ်ခ် ကုမ္ပဏီကို ထိမှန်ခဲ့ကြောင်း နှင့် နောက်တစ်ခုသည် ကိုလမ်ဘီယာ ရေကြောင်းကော်ပိုရေးရှင်း Cotecmar ကို ထိမှန်ခဲ့ကြောင်း သူမက ပြောခဲ့သည်။

မီးသတ်သမားများသည် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးတောက်များကို ငြိမ်းသတ်ခဲ့ရကြောင်း သူမက ဆက်ပြောခဲ့သည်။

အာဏာပိုင်များသည် အခင်းဖြစ်ပွားရာ နေရာတစ်ခုခြင်းစီ၌ ဘယ်နှစ်ယောက် သေဆုံးခဲ့ကြောင်းကို ရှင်းလင်း ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

သင်္ဘောကျင်းသည် ကာတာဂျီနာရှိ ခရီးသွားဧည့်သည်စင်တာမှ ကိုးမိုင်အကွာရှိ စက်မှုဇုန်ထဲ၌ တည်ရှိသည်။

Cotecmar မှ အကြီးအကဲ ဂျော်ဂျီအင်းနရစ်ကာရီနိုက ပေါက်ကွဲမှုများထဲမှ တစ်ခုသည် ဓာတ်ငွေ့ လောင်စာဆီ သယ်ယူသော သင်္ဘောကို ပြုပြင်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။

ပေါက်ကွဲမှုများသည် သင်္ဘောကျင်းထဲရှိ သင်္ဘောများထဲမှ ဓာတ်ငွေ့များ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်နိုင်ကြောင်း အာဏာပိုင်များက ခန့်မှန်းပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly