ကျပ်သိန်း ၁,၂ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကားအံဝှက်အတွင်း သယ်ဆောင်လာသူအား ရှမ်းပြည်နယ်တွင်ဖမ်းမိ

ကျပ်သိန်း ၁,၂ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကားအံဝှက်အတွင်း သယ်ဆောင်လာသူအား ရှမ်းပြည်နယ်တွင်ဖမ်းမိ
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ မေလ ၁၇ ။            ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့အနီးတွင် ကျပ်သိန်း ၁,၂ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ကားအံဝှက်ဖြင့် သယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း မေလ ၁၇ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

မေလ ၁၅ ရက်၊ ညနေပိုင်းအချိန်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ဘက် တစ်မိုင်အကွာ၊ ပန်ခေါက်ဝိုး ကျေးရွာအနီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့မှ ဝင်ထွက်သွားလာသည့် ယာဉ်များကို စစ်ဆေးနေစဉ်  ကားအံဝှက်အတွင်း မှုးယစ်ဆေးဝါးများ သယ်ဆောင်လာသော ကားကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါမှုးယစ်ဆေးဝါးသယ်ဆောင်လာသော ဟိုင်းလပ်အမျိုးအစားကားကို ထန်ရှောက်ရှန်းဆိုသူက လွိုင်လင်မြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး စုပေါင်းအဖွဲ့မှ စစ်ဆေးရာ ကားနောက်ခန်းကြမ်းခင်းအတွင်း အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာသည့် 88 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၇၈,ဝဝဝ) ပြား၊ အိုက်စ်ပုံဆောင်ခဲ ၄ဝ ကီလိုဂရမ်ခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ်သိန်းပေါင်း ၁၂,ဝဝဝ ကျော်(၁၂,၇၈ဝ) ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့် အတူဖမ်းဆီးရမိခဲ့သည့် ထန်ရှောက်ရှန်းအား လွိုင်လင်မြို့မရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly