မင်းဘူးတွင် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းသက်တမ်းတိုးခွင့်ပိတ်ထား၍ အုတ်၊ သဲ၊ ကျောက်စျေး နှစ်ဆတက်

မင်းဘူးတွင် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းသက်တမ်းတိုးခွင့်ပိတ်ထား၍ အုတ်၊ သဲ၊ ကျောက်စျေး နှစ်ဆတက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း အုတ်၊ သဲ၊ ကျောက်လုပ်ငန်းများကို လိုင်စင်သက်တမ်းတိုးစဉ် လုပ်ငန်းပိတ်ထားရသဖြင့် အုတ် သဲ ကျောက် ဈေးနှုန်းများ နှစ်ဆတက်သွားကာ ဝယ်ယူ၍ မလွယ်ကူတော့ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံက သိရသည်။

အုတ်၊ သဲ၊ ကျောက် လုပ်ငန်းရှင်များ လိုင်စင်သက်တမ်း တိုးနေချိန် လုပ်ငန်းများ ယာယီ ပိတ်ထားရမည်ဟု အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မေ (၈)ရက်နေက အကြောင်းကြားထားကြောင်း သဲ၊ ကျောက် လုပ်ငန်းရှင်းများက ပြောသည်။

"အခုလို လုပ်ငန်းတွေ ပိတ်လိုက်တော့ အုတ်၊ သဲ၊ ကျောက် ပစ္စည်းတွေ လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ နည်းနေပြီ၊ ဝယ်လိုအားက မြင့်နေဆဲဖြစ်တော့ အရင်က သဲ(၁)ကျင်းကို (၁၂၀၀၀)ကျပ်ကနေ ကနေ့ (၂၅၀၀၀)ကျပ်ကနေ (၃၀၀၀၀)ကျပ်အထိ၊ ကျောက်စရစ် (၁)ကျင်းကို (၂၅၀၀၀)ကျပ်ကနေ (၆၀၀၀၀)ကျပ်အထိ၊ အုတ်တစ်လုံး ယခင်က(၉၀)ကျပ်သာပေးရပြီး ယခု(၁၂၀)ကျပ်အထိ ဈေးနှုန်းတွေ တက်ကုန်ပါတယ် ဒါတောင် လိုသလောက် ဝယ်လို့မရပါဘူး"ဟု ပန်းရံဆရာ ဦးတင်ဝင်းကပြောသည်။

အုတ်၊ သဲ၊ ကျောက်လုပ်ငန်းရှင်များ လိုင်စင်သက်တမ်းတိုးနေစဉ် နှစ်ပေါင်း(၃၀)အတွင်း ယခုလို လုပ်ငန်း အပိတ် မခံရဘူးကြောင်း၊ ယခု လုပ်ငန်းပိတ်ထားရ၍ သဲ၊ ကျောက်၊ လုပ်ငန်းခွင်မှ နေစားအလုပ်သမား   (၈၀၀)ကျော် အလုပ်လက်မဲ့ ဖြစ်နေကြောင်း သဲ၊ ကျောက် လုပ်ငန်းရှင်များထံက သိရသည်။

သဲ၊ ကျောက်လုပ်ငန်းတွေ ပိတ်လိုက်တော့ အုတ်၊ သဲ၊ ကျောက် နည်းနည်းလက်ကျန် ရှိသေးတ့ ဲ လုပ်ငန်းရှင်တွေက ဈေးမြှင့်ရောင်းကျတော့ တာပေါ့ ၊ဒါတောင် ဒီရက်ပိုင်း သဲ ကျောက် ပြတ်လပ်သွားနိင်ပါတယ်ဟု သဲ၊ ကျောက် လုပ်ငန်းရှင် ဦးဖြိုးဝေကပြောသည်။

အုတ် သဲ ကျောက် လုပ်ငန်းများ ဈေးကြီးခြင်း ပြတ်လပ်မှုများ ရှိနေသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ တစ်ချို့ပိတ်ထားရကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက အုတ် သဲ ကျောက် လုပ်ငန်းတွေ ပိတ်ထားတော့ ဝယ်ရတာ ဈေးကနှစ်ဆလောက် ဖြစ်နေတယ် အရေးကြီးတဲ့ လုပ်ငန်းတွေဆို ဈေးကြီးပေးဝယ်ရတာပေါ့   နေလို့ရတဲ့ လုပ်ငန်းတွေဆို ခဏနားနေရတယ်ဟု ပြောသည်။

မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အုတ် သဲ ကျောက် လုပ်ငန်းများ ယာယီပိတ်ထားရခြင်းသည် ဥပဒေအရ လုပ်ငန်းလိုင်စင် လုပ်နေစဉ် ပိတ်ထားရခြင်းဖြစ်ကြောင်း လုပ်ငန်းလုပ် ကွက်များ ကွင်းဆင်းစစ်ဆေးကာ စစ်ဆေးရရှိသည်များအား တိုင်းအစိုးရထံတင်ပြပြီး လုပ်ငန်းလိုင်စင်များ အမြန်ချပေးမည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly