လသာမြို့နယ်နှင့် ကျောက်တံတားမြို့နယ်ရှိ နေအိမ်အတွင်း ဝင်ပြီး တီဗွီ၊ ငွေနှင့် ရွှေထည်များ ခိုးယူသူနှစ်ဦး ဖမ်းဆီးရမိ

လသာမြို့နယ်နှင့် ကျောက်တံတားမြို့နယ်ရှိ နေအိမ်အတွင်း ဝင်ပြီး တီဗွီ၊ ငွေနှင့် ရွှေထည်များ ခိုးယူသူနှစ်ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ မေလ ၁၆ ။                    ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လသာမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အတွင်းဝင်၍ တီဗွီ၊ ဖုန်းများ၊ ငွေနှင့် ရွှေထည်ပစ္စည်းများ ခိုးယူသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အိမ်အတွင်းဝင်ရောက် ခိုးယူသူများကို ရဲတပ်ဖွဲ့မှ စုံးစမ်းခဲ့ရာ ယခင် အလှပြင်ဆိုင် ဝန်ထမ်းဟောင်းများဖြစ်သော ခန့်စည်သူ(ခ)စည်သူနှင့် ၎င်း၏ဇနီးဖြစ်သူ ဥမ္မာကျော်(ခ)အေမီတို့ဖြစ်ပြီး မေလ ၁၁ ရက်၊ နေ့လည် ၂ နာရီတွင် ဒလမြို့နယ်နေ ခန့်စည်သူ(ခ)စည်သူကို ခိုးယူထားသည့် လက်ကိုင်ဖုန်းနှင့် အတူ ပန်းဆိုး တန်းဆိပ်ကမ်းမှ ဖမ်းဆီးရမိခဲ့ပြီး ဥမ္မာကျော်(ခ) အေမီကို အနော်ရထာလမ်းနှင့် လှည်းတန်းလမ်းထောင့်မှ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်၊ နံနက် ၁၁ နာရီခန့် လသာမြို့နယ်၊ ၅ ရပ်ကွက်၊ ဗိုလ်ရွှဲလမ်းနေ အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးက နေအိမ်သော့ခတ်ထားခဲ့ကာ အလှပြင်ဆိုင်တွင် အလုပ်လုပ်နေပြီး ညနေ ၅ နာခွဲခန့် တွင် အိမ်သို့ပြန်သွားသည့် ဝန်ထမ်းတစ်ဦးက အိမ်တံခါးပွင့်နေကြောင်း လာပြော၍ နေအိမ်သို့ သွားကြည့်ရာ အိမ်တံခါးပွင့်လျက် ပလပ်စတစ်သေတ္တာသော့မှာ ပျက်နေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပလပ်စတစ်သေတ္တာထဲတွင် ထည့်ထားသည့် အိတ်အတွင်းမှ ရွှေထည်ပစ္စည်း ၁၄ မျိုးနှင့် ငွေကျပ် ၁ဝ သိန်း၊ ဆိုင်ဝန်ထမ်းများ၏ ခရီးဆောင်အိတ်အတွင်းမှ ငွေကျပ် လေးသိန်းကျော်နှင့် ရွှေနားကပ်တစ်ဖက်၊ ဖုန်းတစ်လုံးတို့မှာ ပျောက်ဆုံးနေသည့်အတွက် ခိုးယူသူအား အရေးယူပေးရန် တိုင်ကြားသဖြင့် လသာမြို့မရဲစခန်းမှ (ပ) ၁၇ဝ/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၁၈ဝ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသည့် နှစ်ဦးကို စစ်ဆေးရာ ရွှေထည်ပစ္စည်းများ၊ ငွေနှင့် ဖုန်းတို့ကို ခိုးယူသွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ခန့်စည်သူ(ခ)စည်သူဆိုသူက ဧပြီလအတွင်းက  ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းရှိ နေအိမ်တစ်အိမ် အတွင်းမှ TCL အမျိုးအစား Flat TV တစ်လုံးအား ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့သူနှစ်ဦးထံမှ သက်သေခံရွှေထည်များရောင်းပြီး ဝယ်ယူထားသည့် ကင်မရာတစ်လုံးနှင့် အဝတ်အစားတို့အား သိမ်းဆည်းခဲ့ပြီး လသာမြို့နယ်နှင့် ကျောက်တံတား မြို့မရဲစခန်းတို့တွင် အသီးသီး အမှုဖွင့်အရေးယူထားကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly